Tuesday, June 29, 2010

၃ နှစ်တာ ဘ၀ခရီး



လွန်ခဲ့တဲ့ ၃ နှစ်တုန်းက ဒီနေ့ ဒီရက် ဒီအချိန်လေးမှာ ကိုယ်တို့နှစ်ဦး လက်ထပ်မင်္ဂလာပွဲသေးသေးလေး တစ်ခု ကျင်းပနေခဲ့တာဖြစ်တယ်။ အဲဒီအချိန်တုန်းက ကိုယ်တို့နှစ်ဦးရဲ့ရင်ထဲမှာ ပြည့်ကြပ်နေတဲ့ခံစားချက်တွေ အများ ကြီးနဲ့ပေါ့။

လူတိုင်းသည် မိမိတို့ရဲ့လက်ထပ်မင်္ဂလာပွဲလုပ်နေတဲ့အချိန်မှာ မင်္ဂလာယူကြစမြဲပဲလေ။ ပျော်ရွှင်ခြင်း၊ ကြည်နူး ခြင်း၊ ဂုဏ်ယူခြင်း၊ စတာတွေအများကြီးခံစားနေရတဲ့အချိန်ကာလလေးတစ်ခုပေါ့။ အဲဒီအချိန်အခါလေးဟာ မိမိတို့ဘ၀တစ်လျှောက် လုံးအတွက် မေ့မရနိုင်တော့တဲ့ တန်ဖိုးအရှိဆုံးအချိန်လေးလည်းဖြစ်ပါတယ်။

လူ့ဘ၀မှာလက်ထပ်တိုင်း၊ မင်္ဂလာဆောင်တိုင်း ပျော်ရွှင်ခြင်း၊ ကြည်နူးခြင်းဖြစ်ကြတယ်လို့တော့ ရာခိုင်နှုန်း အပြည့်မပြောနိုင်ပါဘူးလေ။ လူတိုင်းမှာအကြောင်းအရာချင်းမတူညီကြဘူး။ ဘ၀အဖြစ်အပျက်ချင်းလည်း မတူညီကြဘူး။ ရွေးချယ်ချင်း လည်းမတူညီကြဘူး။ သေချာတာကတော့ မိမိဘ၀ကို မိမိကိုယ်တိုင်ဖန်တီးကြ ခြင်းပဲဖြစ်ပါတယ်။

လက်ထပ်ရတာပျော်ကြသလို၊ ပျော်ကြလို့လက်ထပ်တာလည်းရှိပါတယ်။ ဒါပေမယ့် ဘ၀အတွက်လေးလေး နက်နက်စဉ်းစားပြီး လက်ထပ်ကြတဲ့လူတွေက နဲပါတယ်လို့ပဲယူဆမိတယ်။ အဲဒီဘ၀အတွက် လေးလေးနက် နက်စဉ်းစားပြီးမှ လက်ထပ်ကြတဲ့ လူအနဲစုထဲမှာပဲ ကိုယ်တို့ပါဝင်ခဲ့ပါတယ်ဆိုရင် မမှားပါဘူး။

ဘာကြောင့်လဲဆိုတော့ ပတ်ဝန်းကျင်နဲ့ အသိုင်းအ၀ိုင်းတစ်ခုက ကိုယ်တို့နှစ်ယောက်အကြောင်းပါပြီး လက် ထပ်ကြမယ့်အစီအစဉ်လေးကို ၀ိုင်းဝန်းဆန့်ကျင်ခဲ့ကြတယ်လေ။ တစ်စုံတစ်ရာကို ပြုပြင်ပြောင်းလဲဖို့၊ အသစ် တစ်ဖန်ပြန် လည်တည်ဆောက်ကြဖို့ မကြိုးစားပဲနဲ့ အဲဒီတစ်စုံတစ်ရာကို ပုံသေသတ်မှတ်ကာ အပြစ် တင်ရှုံ့ချ မစဲဖြစ်ခဲ့ကြတာကိုး။ သို့သော် သေချာတာကတော့ ထိုသူတို့သည် မိမိအပေါ် (သို့) မိမိ၏အကြင်ဖော်အပေါ်မှာ စေတနာတွေထားတာ ပြည့်ဝလွန်းခဲ့တယ်လို့ပဲ နှလုံးသွင်းခဲ့မိတယ်။

ဘာပဲဖြစ်ဖြစ် ဆိုးရွားတဲ့အခြေအနေတစ်ခုထဲမှ မိမိတို့နှစ်ယောက်ရဲ့ဘ၀ကံကြမ္မာကို အကောင်းဆုံးဖြစ်စေ မယ့် ဆုံးဖြတ်ချက်တစ်ခုကို အဲဒီအချိန်တုန်းကချမှတ်ခဲ့ကြတယ်။ အဲဒါကတော့ လူတွေရဲ့အထင်သေးခြင်း၊ ကဲ့ ရဲ့ခြင်း၊ အပြစ် တင်ခြင်း၊ စွပ်စွဲခြင်းမှ လွတ်မြောက်ရာလမ်းတစ်ခုကိုရွေးချယ်လိုက်ခြင်းပဲဖြစ်ပါတယ်။

ပြီးတော့ မိမိတို့နှစ်ဦးရဲ့ဘ၀လမ်းခရီးကို အကောင်းဆုံးဖြစ်အောင်၊ ဖြစ်လာအောင်၊ ကြိုးစားကြမယ်။ အေးချမ်း တဲ့ဘ၀ ကိုတည်ဆောက်ကြမယ်။ ပတ်ဝန်းကျင်က တစ်စုံတစ်ရာကိုပုံသေသတ်မှတ်ခြင်းမှ လွတ်မြောက် အောင်လည်း အထူးကြိုးစားကြမယ်ဆိုတဲ့ ခံယူချက်တွေကြောင့် ဒီနေ့လေးဟာ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပါတယ်

ဆက်လက်ပြီးတော့ ကိုယ်တို့နှစ်ဦးရဲ့ဘ၀ခရီးပိုမိုးအေးချမ်းပြီး တည်ငြိမ်အောင်ကြိုးစားသွားမှာပါ ...... ။

လူတို့၏ဘ၀သည် သိပ်သိမ်မွေ့လွန်းပါတယ် ... ဖြစ်ပေါ်လာတဲ့အရာတိုင်းကို မခံနိုင်ကြရင် ဘ၀သည်အရှုံးနဲ့ နစ်မြုပ်နေမှာသေချာသည်။

ဒီပို့စ်လေးကို ဇွန်လ ၂၄ ရက်နေ့ မင်္ဂလာသက်တမ်း ၃ နှစ်ပြည့်အထိမ်းအမှတ်အဖြစ်တင်ဖို့ကြိုးစားခဲ့ ပါတယ်။ သို့သော်လည်း ကွန်ပျူတာရော၊ အင်တာနက်ပါ ပြဿနာပေးနေခဲ့တဲ့အတွက်ကြောင့် အခု လိုနောက်ကျသွားခြင်းဖြစ်ပါတယ်။

Saturday, June 19, 2010

Happy Birth Day

မိခင်၏ နှောင်ကြိုးကို ဖြေပါအံ့


ဒေါ်အောင်ဆန်းစုကြည့်၏ ၆၅ နှစ်မြောက်မွေးနေ့
                     ၁၉ ဇွန်လ ၂၀၁၀
    
မိခင်၏ နှောင်ကြိုးကို ဖြေပါအံ့ …
သည်းစွာသောအနာကို ကုစားပါအံ့
သမီး၏ လုံ့လဝီရိယဖြင့် နာလန်ထူပါစေအံ့ …
မွေးကျေးဇူးကို မသိတတ်သော
ထိုသူတို့အား
သိနားလည်အောင် ဆွဲဆောင်နိုင်စွမ်းကို
သမီးအား ပေးပါလေ …

တွေ့ရအံ့သော ဘေးရန်တို့ကို
သမီး ထီမည်မဟုတ် …

တဘဝတွင် တခါသာ သေရသည်ဖြစ်၍
အဘယ်နည်းနှင့် သေရသည်ဖြစ်စေ
သမီး၌ မထူးခြား …

သမီး၏ စိတ်ကူးတို့
အကယ်အဖြစ်သို့ရောက်သောအချိန်တွင်
အသင်တို့သည်လည်း ပျော်မြူးကြရမည် …

အခြားအခြားသော သူတို့၏
ရှုတ်ချခြင်း
ကဲ့ရဲ့ခြင်း
မုန်းတီးရွံရှာခြင်း
နာမည်ဖျက်ခြင်းတို့ကို
သမီး အလျဉ်း ဂရုမပြု …

မိခင်ထံမှ ဒါမှ ငါ့သမီး ဟူသော
ကျူးရင်သံကိုသာ တောင့်တပါ၏ …

လောကတွင် မိခင်၏ကျေးဇူးကို
အသိတတ်ဆုံးသမီး ဖြစ်ရပါလို၏။ ။

ဤကဗျာလေးသည် ဒေါ်စု၏ကိုယ်ပိုင်ရေးကဗျာလေးဖြစ်သည့်အတွက် သူမကိုပိုမိုရိုသေပြီး ဂုဏ်ယူမိပါသည်။

ထာဝရနှုတ်ဆက်ခြင်း


တိမ်ညိုတွေအုံးဆိုင်း
တဖောက်ဖောက် နဲ့ မိုးစက်တွေက
ခေါင်းမိုးပေါ်ကို လေက သယ်ဆောင်လို့
မိုးမလွတ်တလွတ်နေရာလေးမှာ
အမေက သားကိုပိုက်လို့
အဖေ့ကို မျှော်နေရရှာ ......................

ဗျိုင်းအုံ့တို့လွင့်ပျံ
ဝုန်းခနဲ့ တိုက်ခတ်လာတဲ့ လှိုင်းတွေ
သောင်ပြင်ကို ရိုက်ခတ်လာတဲ့အချိန်မှာ
ကျိုးတော့မလိုနဲ့ အမေ့ရဲ့ရင်အုံက
ပင့်သက်ကြီးတွေနဲ့  .... ရှိုက်ရင်း ...
စိုးရိမ်နေတဲ့အမေ့ရဲ့မျက်ဝန်းက
မျက်ရည်ပူတွေ ............

မျက်တောင်တခတ်
အင့် ကနဲ့ အမေ့ရဲ့ ရှိုက်သံကြောင့်
မျက်တောင်ပင့် ပြီး ကောင်းကင်ကိုမော့ကြည့်
လင်းနက်နေတဲ့ မနက်ခင်း ...
ပင်လယ်ကမ်းစပ်ကို ညကတည်း မျှော်ကြည့်နေတဲ့ အမေ..
ပါးစပ်ထဲမှာတော့ အဖေ့အား နှုတ်ဆက်သံလေးနဲ့ .......
ပင်လယ်ပြင်က ရက်စက်စွာနဲ့ အဖေ့ကို
ထာဝရ ခေါ်ယူသွားပြီပါလား.........

သူငယ်ချင်း အောင်မင်းခန့် ရေးသားပို့ပေးသောကဗျာဖြစ်ပါသည်

ကြယ်တစ်ပွင့် ကြွေလေသောအခါ

ဒီကမ္ဘာဒီလောကကိုရောက်လာပြီးမှ ကိုယ်အမှားတစ်ခုပြုခဲ့ ... စခဲ့မိတဲ့အတွက် အဲဒီအမှားရဲ့နောက်ဆက်တွဲ ဒဏ်ကို ကိုယ့်ဘ၀တစ်သက်စာ မသေမချင်းခံရမယ်ဆိုတာ ကိုယ်သိနေတယ်။ ကိုယ့်ဘ၀အတွက်ဝဋ်ကြွေးက မကုန်သေးဘူး  .... ကိုယ်ပြုခဲ့တဲ့မကောင်းမှုကြောင့်အခုလိုခံနေရတယ်ဆိုတာ သေချာပါတယ်။

မာယာများလှတဲ့လူ့လောကကြီးထဲကို ကိုယ်ရောက်ရှိလာခဲ့တာ ကိုယ့်အမှားလား .... လောကကြီးထဲကလူ သားများရဲ့ကျင်လည်မှုတွေအလည်မှာ ကိုယ်တစ်ယောက်တည်းယောင်လည်လည်ဖြစ်နေရသလိုပဲ ... အတု အယောင်တွေများပြားလှတဲ့ လူတွေရဲ့မဟာမာယာနောက်ကို ကိုယ်မလိုက်ချင်ဘူး ... အေးချမ်းတည်ငြိမ်တဲ့ အရပ်မှာ ကိုယ်တစ်ယောက်တည်းနေချင်တယ် .... လူတွေပျော်မြူးရာအရပ်သည်လည်း ကိုယ်နဲ့မထိုက်တန် ဘူး  .... ကိုယ်နေရမယ့်အရပ်ကလည်း လူတွေအတွက်စီးဇိမ်မပေးနိုင်ဘူး .... 

ဟောဒီကမ္ဘာလောကထဲမှာ လူတွေကဋေကဋာမကများတဲ့ထဲမှာ ကိုယ်လည်းတစ်ယောက်အဖြစ်ပါဝင်ခဲ့ပေ မယ့် မြူမှုန်သေးသေးလေးတစ်ပွင့်လောက်တောင်မထင်ရှားပါဘူး  ...  ဒါကြောင့် ကိုယ်တစ်ယောက်မရှိတော့ တဲ့အခါမှာလည်း ဘယ်သူ့အတွက်မှတန်ဖိုးရှိမှာမဟုတ်ဘူး .... တွေ့နေကျမြင်နေကျ ကောင်းကင်ပေါ်မှကြယ် ငယ်လေးတစ်ပွင့်ကြွေလွင့်သွားသကဲ့သို့ပင် အားလုံးအတွက်အမှတ်တမဲ့ပါပဲ။

Sunday, June 13, 2010

စူနာမိ

၆ လပိုင်း၊ ၁၂ ရက်နေ့တနေ့လုံး ထိုင်းနိုင်ငံတောင်ပိုင်း ပင်လယ်ကမ်းခြေဒေသမှာရှိတဲ့ မြို့သူမြို့သား၊ ရွာသူရွာ သားများ (မြန်မာနိုင်ငံသားများအပါအ၀င်) စူနာမိဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့သတင်းကြောင့် အားလုံးတုန်လှုပ် ခြောက်ခြားခဲ့ကြရတယ်။ ဒေသခံထိုင်းလူမျိုးတွေကတော့ ကားပိုင်၊ ဆိုင်ကယ်ပိုင်တွေရှိကြတဲ့အခါကျတော့ သိပ်စိုးရိမ်စရာမရှိဘူး။ ဒါပေမယ့် မြန်မာနိုင်ငံသားများဖြစ်ကြတဲ့ ကျမတို့အုပ်စုကတော့ ကမ်းခြေနဲ့အလွန် နီးတဲ့နေရာနေပြီး တကယ်လို့များလှိုင်တက်လာရင် ရုတ်တရက်ပြေးစရာ ကားမရှိ၊ ဆိုင်ကယ်မရှိနဲ့ သိပ်ဒုက္ခ ရောက်မှာပဲ။ 

ဒါ့အပြင် အသက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ မီးနေသည်များ၊ ရောဂါသည်များ၊ မသန်မစွမ်းသူများ အတွက်လည်း အထူးစိုးရိမ်ခဲ့ရပါတယ်။ အဲဒီနေ့တနေ့လုံး ရင်တထိတ်ထိတ်နဲ့ အရာအားလုံးကို ကြိုတင်ပြင် ဆင်ထားခဲ့ရတယ်။ ပိုဆိုးတာကတော့ ညဘက်ပဲဖြစ်ပါတယ်။ ညနေကတည်းက လူတွေအထုပ်အပိုးတွေပြင် ပြီး သတင်းလေသံနားစွင့်နေခဲ့ရတယ်။ ညဘက် ၈ နာရီ ၉ နာရီလောက်ရောက်တော့ သတင်းတွေအမျိုးမျိုး ပေါ်လာတဲ့အတွက်ကြောင့် လူတွေစိတ်မအေးချမ်းခဲ့ရဘူး။ တချို့ကလည်း တောင်ပေါ်တက်ပြေးကုန်ပြီ၊ တချို့ ကလည်း သေချာအောင်လေ့လာစုံစမ်းနေဆဲ၊ တချို့ကလည်း ဘုရားရှိခိုး၊ တရားနာ မေတ္တာပို့ စတာတွေ လုပ်နေကြတော့တာပဲ။

ဒီလိုနဲ့ တညလုံး သတင်းလေသံနားစွင့်ရင်း တစ်ယောက်ကိုတစ်ယောက်ဖုန်းဆက်အသိပေးရင်း ပင်လယ်ကြီး ဆီကိုမကြာခဏထထချောင်းရင်းနဲ့ပဲ မိုးလင်းသွားတယ်။ ကိုယ်လည်းတရေးမှမအိပ်လိုက်ရဘူး၊ တညလုံးလဲ အိပ်ပျော်ခါနီးဖုန်းသံမြည်လိုက်နဲ့ စိတ်အတော်လေးဆင်းရဲမိတယ်။ တဖက်ကလည်း စူနာမိ Alarm ပေးတဲ့စက် ကြီး ကိုယ့်အိမ်ခေါင်းရင်းမှာရှိတာပဲ ... အသံမြည်မှပြေးတာပေါ့လို့ ကိုယ့်ကိုယ်ကိုဖြေသိမ့်ခဲ့ရသေးတယ်။ ဒါပေ မယ့် တညလုံးကားတွေ၊ ဆိုင်ကယ်တွေကလည်း မရပ်မနားတမ်းပြေးနေတော့ အခြေအနေကို အထူးလေ့လာ တဲ့အနေနဲ့မအိပ်နိုင်ပဲဖြစ်ခဲ့ရတယ်။

တိုက်ဆိုင်မှုတခုကတော့ ၁၃ ရက်နေ့မနက်ကျတော့လည်း အသိတစ်ယောက်ရဲ့မင်္ဂလာဆောင်ပွဲကလည်းရှိ သေးတယ်။ သူတို့အတွက်လည်း စိုးရိမ်မိခဲ့တယ်၊ တကယ်လို့များ လှိုင်းတက်ရင် သူတို့မင်္ဂလာပွဲလေးဖျက်ရမှာ ပဲလို့။ စိုးရိမ်မှုများစွာနဲ့ သူတို့လည်း ဒီမင်္ဂလာပွဲကိုကျင်းပဖြစ်မြောက်အောင် ကျိုးစားခဲ့ရပါတယ်။ 

ဒီလိုနဲ့ တနေ့နဲ့တညဆိုတဲ့ စိုးရိမ်ပူပင်ခဲ့ရတဲ့ကာလကို ကျော်ဖြတ်လာခဲ့ပြီး မင်္ဂလာဧည့်ခံပွဲလေးကို စိတ်ချစွာ သွားရောက်ခဲ့ပါတယ်။ မနေ့ကစိုးရိမ်ခဲ့သမျှဟာ ဒီနေ့ကျတော့ အပေါင်းအသင်းတွေကြားရောက်တာနဲ့ တစ် ယောက်တစ်ပေါက်ပြောကြဆိုကြရင်းနဲ့ ရယ်စရာလေးတွေတောင်ဖြစ်သွားခဲ့ပါတယ်။


Friday, June 11, 2010

တိတ်ဆိတ်စွာ တိတ်ဆိတ်ခြင်း

တိတ်ဆိတ်တဲ့ ညတစ်ညမှာ
တိတ်ဆိတ်တဲ့အရာတွေ
တိတ်ဆိတ်စွာဖြစ်ပွားနေတာ
တိတ်ဆိတ်စွာဗလောင်ဆူညံမှုတွေကို
တိတ်ဆိတ်စွာပဲ ကြားနေရတယ်။

 တိတ်ဆိတ်တဲ့ညမှာ
တိတ်ဆိတ်စွာအိပ်ပျော်သွားတဲ့
တိတ်ဆိတ်တဲ့ညသခင်ကို
တိတ်ဆိတ်စွာတောင့်တရင်း
တိတ်ဆိတ်စွာပဲငိုနေမိတယ်။

တိတ်ဆိတ်တဲ့ညတွေနဲ့အတူ
တိတ်ဆိတ်မှုများစွာကို
တိတ်ဆိတ်စွာပဲဖန်တီးခဲ့ပြီး
တိတ်ဆိတ်တဲ့အပြုံးလေးတွေနဲ့
တိတ်ဆိတ်စွာပဲအရာအားလုံးကိုထားခဲ့တယ်။

တိတ်ဆိတ်တဲ့အမှတ်တရလေးတွေကြောင့်
တိတ်ဆိတ်စွာကြိတ်မှိတ်ပြီးခံစားခဲ့ရတဲ့
တိတ်ဆိတ်လွန်းတဲ့အဖြစ်အပျက်တွေကို
တိတ်ဆိတ်စွာမေ့ပစ်ဖို့ခက်ခဲ
တိတ်ဆိတ်စွာပဲလွမ်းဆွတ်နေခဲ့ရတယ်။

တိတ်ဆိတ်စွာကျောခိုင်းသွားတဲ့
တိတ်ဆိတ်ခြင်းတွေထားသွားခဲ့တဲ့
တိတ်ဆိတ်လွန်းတဲ့ကြေကွဲခြင်းမျိုးနဲ့
တိတ်ဆိတ်တဲ့နေ့ရက်များနဲ့ကိုယ့်ကို
တိတ်ဆိတ်စွာပဲ တကယ်ချန်ရစ်ခဲ့လေတယ်။

Thursday, June 3, 2010

လွမ်းတဲ့အခါ

တခါမှ အကြာကြီးခွဲမနေဖူးတဲ့ သူတွေမို့ ဒီတခါ ၃ လကြာအောင် ခဏခေတ္တခွဲခွာနေကြရတော့ စိတ်မကောင်း ဖြစ်လိုက်တာ ... ။ သတိရလို့ မဆုံး၊ လွမ်းလို့လည်း မဆုံးဖြစ်မိတယ်။ ဒါပေမယ့်လည်း ဆယ်ကျော်အသက်အ ရွယ်တွေလည်းမဟုတ် ... ။ သမီးရည်းစားတွေလည်း မဟုတ် ... ။ အကြင်ဇနီးမောင်နှံဖြစ်နေကြပြီဆိုတော့ ဘ၀ပေးအခြေအနေအရ ခဏလေးခွဲနေရတယ်လို့ပဲ ဖြေသိမ့်လိုက်မယ်။ 

၃ လဆိုတဲ့ခရီးက တကယ်တမ်းကျတော့ သိပ်မကြာလှဘူး၊ ကိုယ်တွေရဲ့စိတ်က သည်းငြီးမခံနိုင်ကြရင် သိပ်ကြာလွန်းတယ်လို့ပဲ ထင်နေကြမှာပဲ။ ကိုယ့်အလုပ်ကိုယ်လုပ်၊ သူ့အလုပ်သူလုပ်နေပြီး လွမ်းတဲ့ဆွေးတဲ့ အကြောင်းတွေ သိပ်မတွေးမိကြရင် ဒီကာလကို ကိုယ့်တို့အေးချမ်းစွာကျော်ဖြတ်နိုင်မှာပါ။ 

အရေးကြီးတာက ကိုယ်တို့နေထိုင်နေတဲ့ လူမှုပတ်ဝန်းကျင်ရဲ့ ရေးကိစ္စတွေ၊ လုပ်ငန်းကိစ္စတွေ အဆင်ပြေ အောင်ကြိုးစားလုပ်ကိုင်သွားကြဖို့ပါပဲ။ အားလုံးအဆင်ပြေသွားရင် ကိုယ်တို့လည်းအေးချမ်းစွာ အခုလိုမျိုးမကွဲ မကွာနေနိုင်ပြီပေါ့။

သတိရတိုင်း ဖုန်းဆက်၊ စာရေးပို့တာမျိုးလုပ်နိုင်တဲ့ခေတ်ဆိုတော့ သိပ်ပြဿနာမရှိပါဘူးလေ ... မျက်နှာကို တွေ့ချင်ရင် ဓါတ်ပုံလေးကြည့်၊ အသံကြားချင်ရင် ဖုန်းလှမ်းဆက်လိုက်၊ ဒါဆို လုံလောက်သင့်ပါပြီနော်။

ကိုယ်တို့ဘ၀တွေဟာ ဘာတစ်ခုမှသေချာရေရာတာမရှိခဲ့ပေမယ့် ကိုယ့်ရင်ထဲမှာ သူဟာအမြဲတမ်းရှိနေတယ် ဆိုတာသေချာလွန်းပါတယ်ဆိုတာပဲလေ ... ။

ချစ်သောသူ