Tuesday, June 14, 2011

တစ်သက်စာ စိတ်ဓါတ်

သိတတ်စအရွက်ရောက်ကတည်းက မိမိတတ်နိုင်တဲ့ဘက်ကနေပြီး အများအတွက်၊ အထူးသဖြင့် လိုအပ်နေ တဲ့ သူတွေအတွက် လုပ်ပေးချင်တဲ့စိတ်လေး မွေးဖွားခဲ့ပါတယ်။ ဘာကြောင့်ဒီစိတ်ကလေးဖြစ်ပေါ်လာသလဲ ဆိုတော့ မိမိနေထိုင်ကြီးပြင်းလာခဲ့တဲ့ပတ်ဝန်းကျင်မှာ အဖြေအနေအမျိုးမျိုးကြောင့် ဘ၀အတွက်လိုအပ်ချက် များစွာနဲ့နေ ထိုင်နေကြတဲ့လူတွေက အတော်များများဖြစ်တယ်။

ဘ၀အတွက်လိုအပ်များဆိုတာ စားဝတ်နေရေးကစပြီး လူတစ်ယောက်ဘ၀နိဂုံးချုပ်တဲ့အချိန်အထိ လူ့ဘ၀ရဲ့ အဆင်မပြေမှုများဖြစ်ပါတယ်။ လူ့ဘ၀ကုသိုလ်ကံဆိုတာ အလွန်တရာဆန်းကျယ်လှပါတယ်။ အတိတ်ဘ၀ရဲ့ ပြုမူ မှုများဟာ ကောင်းခဲ့သလား၊ ဆိုးခဲ့သလား မသိဘူး။ ဒီဘ၀မှာတော့ လူ့ဘ၀တွေက အမျိုးမျိုးပါပဲ။ ကံကောင်းလူ က ကောင်းပြီး၊ ကံဆိုးလူကလည်း အလွန်ဆိုးဆိုးရွားရွားကြီးပါပဲ။ 

 ကုသိုလ်ကံများကြောင့် ကောင်းတဲ့အကျိုး၊ ဆိုးတဲ့အကျိုးများကို လက်ရှိဘ၀မှာခံစားကြရတာတော့ လက်ခံရ မှာပဲ။ ဒါပေမယ့် လက်ရှိဘ၀ရှင်ချင်းအတူတွေရဲ့နှိပ်စက်မှု၊ ခေါင်းပုံဖြတ်မှု၊ မတရားမှုတွေကိုတော့ ကုသိုလ်ကံ နဲ့ မနှိုင်းချင်ဘူး။ အခြေအနေနဲ့ အခွင့်အလမ်းတို့ကြောင့်လို့ပဲ သဘောထားချင်ပါတယ်။ 

ဆိုလိုချင်တဲ့အကြောင်းရင်းတောင်ပျောက်လုနီးပါးဖြစ်သွားပြီ .... ကဲ့ပါလေ။ တကယ်ပြောချင်တာကတော့ လူ တွေ (မိမိထက် တစ်ဆ၊ နှစ်ဆပိုပြီး ဒုက္ခရောက်သူများ) ကိုတော့ မိမိတို့က တတ်နိုင်တဲ့ဘက်မှ ကူညီဖို့ အသင့် ဖြစ်နေရမယ်လို့ ယူဆမိပါတယ်။ မိမိတတ်နိုင်တဲ့ဘက်ကလို့ပြောရင် လွယ်လွယ်လေးသဘောပေါက်မှာပါ။ မိ မိမှာ တစ်ခုရှိရင် တစ်ဝက်ခွဲပေးဖို့၊ တစ်ဝက်ပဲရှိရင် တစ်စိတ်လောက်ခွဲပေးဖို့ ဆိုတဲ့သဘောပါပဲ။ 

သူတစ်ပါးကို မိမိနိုင်သလောက်လုပ်ပေးရတာ၊ ပေးဆက်ရတာဟာ ကောင်းမှုတစ်ခုပြုလုပ်တာနဲ့ တူတူပါပဲ။ ပေးဆပ်ခြင်းတိုင်းမှာလည်း ရယူလိုတဲ့ဆန္ဒမရှိဖို့အရေးကြီးနေပြန်တယ်။ မိမိကသာ ပေးနေရပြီး သူတစ်ပါးဆီ မှ ဘာတစ်ခုမှ လက်ခံရရှိခြင်းမရှိဘူးလို့လည်း စိတ်မထားသင့်ဘူး။ 

အရွယ်ရလာလို့ အသိဥာဏ်တွေရလာတဲ့အခါမှာ နဂိုထားရှိတဲ့စိတ်ဓါတ်လေးဟာ ပြောင်းလဲမသွားဘူးဆိုတာ သိနေရတယ်။ အခြေအနေတွေပြောင်းလဲသွားတာတော့ ၀န်ခံပါတယ်။ သို့သော် မိမိဘ၀နဲ့ဇာတိကိုတော့ ဘယ်တော့ ပြောင်းလဲမသွားစေဘူး။ လုပ်လက်စအလုပ်တွေကို ဆက်လက်လုပ်ကိုင်သွားပါ့မယ်။ ရှိနေပြီးသား စိတ်ဓါတ်ကလေးကိုလည်း ဒိထက်ပိုပြီးခိုင်မြဲတည်တံ့နေအောင် တည်ဆောက်သွားမယ်လေ။

Tuesday, June 7, 2011

ယောင်ချာချာ

ဟိုး ... အဝေးမှာပျံသန်းနေတဲ့ ငှက်ငယ်ကလေးတွေကို ငေးမောကြည့်ရင်း ရှင်သန်မှုတို့ကို တဖန်ပြန်လည်လို အပ်နေသလို ခံစားမိလာတယ်။ ဘယ်လိုရှင်သန်မှုတွေလဲ .... ကိုယ်တိုင်အဖြေရှာမရဖြစ်နေပါသလား။ အသက်ရှိ လျက်နဲ့ အနာဂတ်ဘ၀တစ်ခုအတွက် ရှင်သန်မှုမရှိတဲ့သဘောကို ဆိုလိုတာလား။ ပန်းတိုင်တစ်ခုပျောက်ဆုံးခံခဲ့ ရတဲ့သူမို့လား။ 

အနာဂတ်လမ်းစတွေဟာ တစ်ဖြည်းဖြည်းနဲ့ ပျောက်ကွယ်ဆိတ်သုဉ်းသွားသလိုပဲ။ ဘယ်ကပြန်စရမှန်းတောင် မ သိပဲဖြစ်နေတယ်။ သမုဒ္ဒယာပင်လယ်ပြင်မှာ ယောင်ယောင်လည်လည်ဖြစ်နေသလို အဖြစ်မျိုးပါလား။

Friday, May 27, 2011

မှန်

၁။ ဘာပဲလုပ်လုပ် အများအတွက် ကောင်းကျိုး၊ ဆိုးကျိုး ရှိမရှိ စဉ်းစားပြီးမှ လုပ်တာပိုကောင်းပါတယ်။
၂။ ဘာပဲပြောပြော သူတပါးမထိခိုက်စေတဲ့ အသုံးအနှုန်းတွေရွေးပြီးမှ ပြောဆိုကြရင် ပိုကောင်းပါတယ်။
၃။ ဘာပဲတွေးတွေး ကိုယ့်အနာဂတ်အတွက်ရော၊ သူ့အနာအဂတ်အတွက်ပါ ပါစေတဲ့ကောင်းကျိုးမျိုးပါဝင်စေရင် ပိုကောင်းပါတယ်။
၎။ ဘာပဲပေးပေး ကိုယ်ကသူတပါးကို ပေးပြီဆိုရင် စေတနာအပြည့်နဲ့ပေးတာ ပိုကောင်းပါတယ်။
၅။ ဘာပဲယူယူ သူတပါးထံကရရှိလာတဲ့ ပစ္စည်းဥစ္စာမှန်သမျှ စိတ်သန့်သန့်နဲ့ယူတာ ပိုကောင်းပါတယ်။
၆။ ဘယ်ပဲသွားသွား ဘုရားတရားသံဃာနဲ့မိဘဆရာသမားတို့ကို အာရုဏ်ပြုပြီးသွားတာ ပိုကောင်းပါတယ်။
၇။ ဘယ်နေရာပဲရောက်ရောက် မိတ်ဆွေဖြစ်ကြတာ ပိုကောင်းပါတယ်။

အရာများကိုမပြောမဆို၊ မပြုမလုပ်မီ မှန်ရဲ့တစ်ဖက်တစ်ချပ်ဆီက သူနဲ့ကိုယ့်အတွက်ပါပဲလို့ သဘောထားနိုင် ရင် အဆင်ပြေသွားပါပြီ။

Monday, May 16, 2011

အဆင်မပြေ

အခုတလော စာရေးချင်စိတ်တွေ မရှိပဲဖြစ်နေတယ်။ စာရေးတာ အလေ့ကျင့်လေးတစ်ခုဖြစ်နေခဲ့ပြီးမှ အခုလိုမျိုး မရေးချင်စိတ်တွေဖြစ်လာတာ အံ့သြနေမိတယ်။ ဘယ်လိုလုပ်ရမလဲ .... စာလည်း ပုံမှန်ဖတ်ပါရဲ့နဲ့ စာရေးရပျင်း နေသတဲ့။ စာရေးဖို့ ခေါင်းစဉ်တွေကို အမျိုးမျိုးတွေးသော်လည်း  မရဘူး။ ဘယ်လိုမှ အဆင်မပြေဖြစ်နေတယ်။

Wednesday, May 4, 2011

အပြောင်းအလဲ

ပထမတော့ သုံးရာသီဘ၀ခရီးလို့ နာမည်လှလှလေးပေးခဲ့ပါတယ်။ အခုတခါ နေရာလေးတစ်ခု ဖြစ်သွားပြန်ပြီ။ အသစ်အဆန်းလေးဖြစ်စေချင်လို့ နာမည်ပြောင်းလိုက်တာပါ။ ပို့စ်တွေမတင်နိုင်ခဲ့ပေမယ့် ကိုယ့်အိမ်လေးကို တော့ အမြဲဂရုတစိုက်ရှိပါတယ်။ ရတဲ့အချိန်လေးတွေမှာ နိုင်သလောက်စာရေးအုံးမယ်လို့ စိတ်ကူးရှိနေဆဲပါ။ လာလည်ကြတဲ့ စာပေမိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်။ 


ကျန်းမာပျော်ရွှင်ကြပါစေ

Monday, March 21, 2011

နားထောင်ကြည့်ဖို့ သူတို့အသံ

တစ်နေ့သောအခါ ဦးဖြူ၊ ဦးနက်၊ ဦးဝါတည်းဟူသော `လူကြီး´ သုံးဦးသည် လူငယ်များနှင့် ပတ်သက်၍ ဤ သို့စကားဆွေးနွေးကြသောဟူ၏။
ဦးနက်။          ။ ခုခေတ်ကလေးတွေကတော့ဗျာ ဘယ်နေရာမှထောင့်မကျိုးချင်ကြဘူး။ သူတို့ မဟုတ်တာ
 တွေလုပ်နေလို့ လူကြီးလုပ်တဲ့သူက တစ်ခုခူဆုံးမမယ်ပြင်တာနဲ့ပဲ အမူအရာနဲ့ ဖြစ်ဖြစ်၊ မကြားတကြားဖြစ်ဖြစ် ကလန်ကဆန်လုပ်သွားကြတာချည်းပဲ။ မလွယ်ပါဘူးဗျာ။ ကလိယုလ် ခေတ်ကြီးကိုး။
ဦးဖြူ။            ။ ဟာ ဒီလိုတော့လဲ မဟုတ်သေးဘူးနဲ့တူတယ်ဗျ။ ကလေးတွေဆိုတာ အသက်အရွယ် ကလဲငယ်၊ အတွေ့အကြုံကလဲ နည်းသေးတော့ အမှားအမှန်ကို ခွဲခြားနိုင်တဲ့ အသိမရှိရှာကြ ဘူးလေ။ ဒါကို ကျုပ်တို့လူကြီးတွေက သည်းခံစိတ် ရှည်စွာနဲ့ ဆုံးမပဲ့ပြင်ပေးရမှာပေါ့။ ဆုံးမ စရာ လမ်းညွှန်စရာ၊ အကိုးအကား၊ အထောက်အထားတွေကလဲ တစ်ပုံကြီးရှိသားပဲ၊ လော ကနီတိများ၊ သိင်္ဂါလော ၀ါဒများ၊ ဓမ္မပဒဗျာ။ ဟိတောပဒေသဗျာ။ သုံးဆယ့်ရှစ်ဖြာမင်္ဂလာဗျာ။
ဦးနက်။          ။ အာ ခင်ဗျားဟာတွေက ကောင်းတော့ကောင်းပါရဲ့။ ဒီမင်စာလေးတွေကို ခင်ဗျား သွားပြော။ အဲဒါတွေ။ ဟိုက ပျင်းတောင်ပျင်းသေးတယ်လို့ လုပ်လွှတ် လိုက်မှာဗျာ။ သူတို့နား တွေက အဲဒီအဆုံးအမတွေ၊ သြ၀ါဒတွေကို နားထောင်ဖို့ အချိန်မရဘူး။ အချိန်မပေးဘူး။ ဘာ တဲ့ သစ်ဟော့တွေ ရက်ပ်တွေဟိုဒင်း ဘာလဲ သူတို့ခေါ်ကြတာ အော်လ်တာနေးတစ်။ အဲဒါ တွေနဲ့ အချိန်ကုန်နေကြတာဗျာ။
ဦးဖြူ။            ။ ဟာ ဒီလိုပြောလို့ မရဘူးလေ။ ခေတ်ကိုး ခေတ်ရေစီးကြောင်းကိုး။
ဦးနက်။          ။ အဲဒီ ခေတ်ရေစီးကြောင်းကို ပြောနေတာပေါ့။ လူငယ်တွေဆိုတာက ရေစီးကြောင်းအတိုင်း စုန်ပြီး မျှောလိုက်နေကြတာကလား။ ဒါကို ခင်ဗျားက သိင်္ဂါ လောဝါဒတွေ ဘာတွေနဲ့လက် တားလို့ကတော့ ခင်ဗျားပါ မျှောသွားမယ်မှတ်။ ဒီတော့ ဆုံးမလို့မှမရတဲ့ဟာတွေ ဆုံးမ မနေ နဲ့။ ဂုဏ၀ုဒ္ဓိ၊ ၀ယ၀ုဒ္ဓိမှ မသိကြတဲ့ ဟာတွေ သူတို့စရိတ်နဲ့ သူတို့သွားကြပစေ။
ဦးဖြူ။            ။ ခင်ဗျားဟာက မဟုတ်သေးပါဘူးဗျာ။
ဦးဝါ။             ။ ခဏလေးဗျာ ခင်ဗျားတို့နှစ်ယောက် ပြောနေကြတာတွေက တကယ့်ကို အဖြူနဲ့အနက် ဆန့်ကျင်ဘက်ဖြစ်နေတော့တာပါလား။ တစ်ယောက်ဆုံးမရမယ်၊ တစ်ယောက် မဆုံးနဲ့ လွှတ် ထားလိုက်၊ အဲဒီလိုဖြစ်နေတယ်။
ဦးနက်။          ။ ခင်ဗျားကကော ဘာပြောချင်သေးလို့လဲ ကိုဝါ။
ဦးဝါ။             ။ ကျွန်တော့် အယူအဆကတော့ ဆုံးမတယ်ဆိုတဲ့ကိစ္စဟာ တရားကိုယ် သဘောအားဖြင့် ရှိကိုရှိရမယ်။ ဆုံးမတယ်ဆိုတာဟာ လူကြီးလုပ်တဲ့သူက သူ့အတွေ့အကြုံ၊ သူ့အသိတရား တွေကနေ ထုတ်နှုတ်ပြီး ဟောဒါကအမှန်၊ ဟော ဒါကအမှား၊ ဒါကအကောင်း၊ ဒါကအဆိုး စသည်ဖြင့် ခွဲခြားပြီး လက်ဆင့်ကမ်း ပေးရတဲ့ကိစ္စဖြစ်တယ်။ လူ့အဖွဲ့အစည်းဆိုတာဟာ အစဉ်အဆက် ဆုံးမပဲ့ပြင် သွန်သင်မှုတွေနဲ့ အသက်ဆက်လာတာ။ ဆုံးမပဲ့ပြင်မှုဆိုတာမရှိ ရင် လူ့ကိုယ် ကျင့်တရား ကွယ်သွားမှာပေါ့။ တိရစ္ဆာန်လောက အမူအကျင့်တွေနဲ့ အတူတူ ဖြစ်သွားမှာပေါ့။
ဦးဖြူ။            ။ တွေ့လား ကိုနက်၊ ကိုဝါက ကျုပ်ကိုထောက်ခံနေပြီ။
ဦးနက်။          ။ ဟွန်း ဆရာက တပည့်ကိုမနိုင်၊ မိဘက သားသမီးကိုမနိုင်တဲ့ခေတ်ကြီးမှာ ခင် ဗျားတို့ ကျေးဇူးရှင်လေးတွေက ခင်ဗျားတို့ကို သနားတယ်လုပ်မှာ သိလား။ လုပ်ကြည့်လေ မယုံရင်။
ဦးဝါ။             ။ ကျုပ်က ဆုံးမပဲ့ပြင် သွန်သင်ခြင်းဆိုတဲ့ယေဘုယျသဘောကို လက်ခံတယ် လို့ ပြောတာပါ။ ကိုဖြူနဲ့တော့ မတူဘူးထင်တာပဲ။
ဦးဖြူ။            ။ ဘယ်လို မတူတာလဲဗျ။ ခင်ဗျားဟာက ဟုတ်မလိုလိုနဲ့။
ဦးဝါ။             ။ ဒိလိုပါ လူကြီးတွေက လူငယ်တွေကို ဆုံးမပဲ့ပြင်ပေးရမှာတော့ မုချပဲ။ သို့ သော် (တစ်) အဲဒီလူကြီးတွေကကော ဆုံးမနိုင်တဲ့အရည်အချင်း ရှိသလား။ ဆုံးမသူနေရာမှာ ထိုက်တန်စွာ ရှိသလား။ ဆုံးမသူဆိုတဲ့ ဂုဏ်နဲ့ပြည့်စုံရဲ့လား။
ဦးဖြူ။            ။ ဘယ်လို ဘယ်လိုဗျ။
ဦးဝါ။             ။ ခဏလေးဗျာ။ စကားမပြတ်သေးပါဘူး။ (နှစ်) ဆုံးမပုံ ဆုံးမနည်းကကော ကာလ၊ ဒေသ၊ အခြေအနေများနဲ့ ကိုက်ညီသင့်လျော်ရဲ့လား။
ဦးနက်။          ။ ဟာ ဒါတော့ ဟုတ်သွားပြီ။ ကျုပ်သဘောကတော့ လူကြီးတွေကလဲ ဆုံးမ နိုင်တဲ့အရည် အချင်း တကယ့်တကယ်မရှိဘူး။ ဆုံးမပုံဆုံးမနည်းဆိုတာတော့ ကျုပ်မသိ။ အဲ လူငယ်တွေ ကလဲ အဆုံးမမှ မခံချင်တဲ့ ဥစ္စာ။ ဒီတော့ လွှတ်ထား လိုက်။ ဒါပဲ။
ဦးဖြူ။            ။ ဒီလို လက်လွတ်စပယ် မပြောနဲ့လေဗျာ။ ကဲ ကိုဝါ ဆက်ပါဦး။
ဦးဝါ။             ။ ကဲ ကျုပ်ပြောတဲ့ တစ်ကို စကြည့်ကြရအောင်။ ကိုနက်က တဆိတ်ဗျာ ဆုံးမပဲ့ပြင်ပေးရ မယ်ဆိုတဲ့ သဘောကို ယာယီပဲဖြစ်ဖြစ် လက်ခံပေးထားစမ်းပါ။ ဒါ မှ စကားက ဆက်ပြောလို့ ရမှာ။
ဦးနက်။          ။ ထားပါတော့လေ။ ခင်ဗျားစကားပဲ ခင်ဗျား ဆက်ပါဦး။
ဦးဝါ။             ။ ဦးစွာပြောချင်တာကတော့ သာသနာဆိုတဲ့ စကားလုံးပါပဲ။ သာသနာဆိုတာ ဘုရား၏ အဆုံးအမလို့ အဓိပ္ပါယ်ရတယ် မဟုတ်လား။ သာသနာဆိုတာ ဘာ သာအယူဝါဒ မဟုတ်ဘူး နော်။ ခင်ဗျာတို့ သိပါတယ်။ ပရိယတ္တိသာသနာ၊ ပိဋကတ်စာပေ သင်ကြားမှု၊ ပဋိပတ္တိသာသ နာ ဆုံးမတော်မူသည့်အတိုင်း ကျင့် ကြံအားထုတ်မှု၊ ပဋိဝေဓသာသနာ သစ္စာလေးပါးကို သိ မှာ။
ဦးနက်၊          ။ ကိုဝါ ခင်ဗျားရဲ့ အနုစကားလုံးတွေကိုပဲ လူငယ်တွေကို သွားပြောကြည့် ၀ါးခနဲ့ သမ်းပြလိုက် လိမ့်မယ်။
ဦးဖြူ။            ။ ကိုနက်ကလဲဗျာ နေပါဦး၊ ကိုဝါ ပြောပါစေ။
ဦးဝါ။             ။ မကောင်းတာမလုပ်နဲ့၊ ကောင်းတာလုပ်၊ စိတ်ဖြူစင်အောင်ထား။ အဲဒါ ဗုဒ္ဓ အဆုံးအမရဲ့ အချုပ်ဘဲ မဟုတ်လား။ ဒါ ဗုဒ္ဓဘာသာ၊ ဗုဒ္ဓ၀ါဒ၊ ဗုဒ္ဓ၀ါဒီဆိုတဲ့ အမည်နာမတွေနဲ့ မတပ်နဲ့နော်။ ဒါဟာ လူတိုင်းနဲ့ဆိုတဲ့ ဥစ္စာ။
ဦးဖြူ။            ။ ဟုတ်ပါပြီ။ ဆက်ပါဦ။
ဦးဝါ။             ။ ကျုပ်ပြောတဲ့ နံပါတ်(တစ်) ဆုံးမနိုင်သောအရည်အချင်းနဲ့ ပြည့်စုံတဲ့လူကြီး ဟုတ်မဟုတ်။
ဦးနက်။          ။ ဆုံးမနိုင်သော အရည်အချင်း။ အဲ ကိုဖြူ ခင်ဗျား ဘာပြောမလဲ။
ဦးဖြူ။            ။ ကျုပ် ပြောခဲ့ပါပကော။ လူငယ်တွေ မသိကြတဲ့ ဗဟုသုတတွေ၊ စာပေကျမ်း ဂန်တွေကို လူကြီးတွေ သိထားတယ်လေ။ သုံးဆယ့်ရှစ်ဖြာမင်္ဂလာ ဓမ္မပဒ
ဦးဝါ။             ။ အဲ အဲဒါကို ကျုပ်ပြောချင်တာပါ။ ကျုပ်တို့ လူကြီးတွေက တစ်ခါလာလဲ လောကနီတိ၊ တစ်ခါလာလဲ ဓမ္မပဒ၊ တစ်ခါလာလဲ သိင်္ဂါလောဝါဒသုတ် တစ်ခါ လာလဲ မိဘကျေးဇူး၊ ဆရာ့ကျေးဇူး။
ဦးဖြူ။            ။ ဟေ့လူ ….. ဟေ့လူ …. ဘယ့်နှယ်။ အဲဒီစာပေကျမ်းဂန်တွေ၊ ဘုရားဟော တွေ၊ ရှေးလူကြီး သြ၀ါဒတွေကို သွားထိပါးရတာလဲ။
ဦးဝါ။             ။ ဟင့်အင်း။ ကျုပ်က မထိပါးပါဘူး။ အဲဒီစာပေကျမ်းဂန်၊ သြ၀ါဒတွေကို ကိုင် ကိုင်သုံးတဲ့ လူကြီးတွေရဲ့ ကဏ္ဍကိုပြောနေတာပါ။
ဦးနက်၊          ။ ဟား ဟား အဲဒီတစ်ချက်ကတော့ ထိသကွာ။
ဦးဝါ။             ။ လူငယ်တွေမှာ ဆက်လက်ရှင်သန်ကြီးထွားရမယ့် အနာဂတ်ဆိုတဲ့ အချိန်ကာလဟာ ကျုပ် တို့လူကြီးတွေထက် ပိုပြီးရှည်လျားများပြားပါတယ်။ ကျုပ်တို့မှာက အချိန်သိပ်မရှိတော့ဘူး။ သူတို့မှာကအချိန်တွေရှိနေတယ်။ အဲဒီကာလအလျား ကြီးထဲမှာ သူတို့ကိုယ်သူတို့ ဘယ်လို ဘ၀နေမှုပုံစံတွေနဲ့ တည်ဆောက်မလဲဆို တဲ့ မေးခွန်းက သူတို့ကို အမြဲစိန်ခေါ်နေတယ်။
ဦးဖြူ။            ။ ဒါတော့ ဟုတ်ပါတယ်။ ဒါကို ကျုပ်တို့က ကိုယ်ချင်းစာရပေမယ်။
ဦးဝါ။             ။ ကိုဖြူ စကားလေးကောင်းတယ်။ ကိုယ်ချင်းစာရမယ်။ မှတ်ထားနော်။ ဒီစကားကို မှတ်ထား ကြရအောင်။ ကဲ ကျုပ် ဆက်ပြောမယ်။ အဲဒီအနာဂတ်ကာလ ဘ၀နေမှုဆိုတဲ့ VISION ပေါ့ ဗျာ ဒီ VISION ဟာ တကယ့်တကယ် အကောင်အထည် ဖြစ်မလာသေးဘူး။ ဒီတော့ သူတို့ က အဲဒီနေရာထဲကို IDEAL တွေနဲ့ အစားပြည့်ကြည့် မြင်ကြသည်။
ဦးဖြူ။            ။ ခင်ဗျားဆိုလိုတာက စိတ်ကူးနဲ့ တည်ဆောက်ထားကြတဲ့ ပုံစံတွေပေါ့ ဟုတ် လား။
ဦးနက်။          ဟွန်း IDEAL တွေတဲ့လား။ ရှိကြပါဗျာ။ က်ခမ်းဖြစ်ချင်တဲ့ကောင်နဲ့၊ အာနိုး အားကျတဲ့ ကောင်နဲ့၊ ဘီလ်ဂိတ် ဖြစ်ချင်တဲ့ကောင်နဲ့။ ကောင်မလေးတွေကော ကြည့်လေ၊ စင်ဒီကရော ဖို့ဒ် အားကျ၊ ကိုရီးယားမင်းသမီး အတုယူ၊ ကိုင်း …. ခင်ဗျားတို့ စာရင်းကောက်ကြည့်စမ်းပါ။ ဗိုလ်ချုပ်အောင်ဆန်းကို အတုယူတဲ့ ကောင်၊ မာသာထရီဇာကို အားကျတဲ့ ကောင်မလေးဆို တာများ ရှိသလားလို့။
ဦးဝါ။             ။ ဟုတ်ပါလိမ့်မယ်။ သေချာတာ တစ်ချက်ရှိသေးတယ်။ သူတို့တွေအားကျ၊ အတုယူတဲ့ IDEAL တွေထဲမှာ ဦးဖြူ၊ ဦးနက်၊ ဦးဝါတို့လဲ မပါဘူးလေ။
ဦးဖြူ။            ။ ဟား ဟုတ်သဟေ့၊ ထိသဟေ့။
ဦးဝါ။             ။ ခုခေတ် လူငယ်တွေမှာ ကျုပ်တို့ခေတ် ကျုပ်တို့လူငယ်တွေဘ၀ကထက် ပိုမို များပြားရှုပ် ထွေးတဲ့ VISION တွေ၊ IDEAL တွေ၊ စံနှုန်း Norms တွေရှိတယ်။ အဲဒါတွေထဲမှာ သူတို့က အားကျရုံအားကျပြီး လက်လှမ်းမမီတာတွေ၊ စိတ်ကူး အိပ်မက်တွေလဲပါတယ်။ ဒါ ဘာဖြစ် သလဲ ကျုပ်တို့လဲ ကျုပ်တို့လူငယ်တုန်းက ၀င်းဦးအားကျ၊ ပရက်စလေအားကျ၊ မိန်းကလေး တွေဆိုလဲ မယ်ဗမာအားကျ၊ ဘာညာရှိခဲ့တာပဲ မဟုတ်လား။ ဒီတော့ လူငယ်တွေရဲ့ အဲဒီအိပ် မက်တွေနဲ့ ပတ်သက်ပြီး ကျုပ်တို့ပြစ်တင်ကဲ့ရဲ့ ရှုတ်ချဖို့မသင်းဘူး။
ဦးနက်။          ။ ပြစ်တင်ကဲ့ရဲ့ရှုတ်ချ မလုပ်သင့်ရင် ဘာလုပ်ရမှာလဲ။ မြှောက်ထိုးပင့်ကော် လုပ်ရမှာလား။
ဦးဝါ။             ။ ဒီလိုကြီးတော့ စကားမကပ်နဲ့ဗျာ။ ကျုပ်တို့လုပ်သင့်တာက အားကျသင့်တာ ကို အားကျဖို့၊ အားမကျသင့်တာကို အားမကျဖို့ ခွဲခြားပြပေးရမှာပဲ။ ဒီတော့ ကျုပ်တို့ဟာ သူတို့ရဲ့ခေတ် ကာလ၊ သူတိုရဲ့ဘ၀ရှင်သန်မှုအနေအထား။ သူတို့ရဲ့ ခံစားမှု၊ သူတို့ရဲ့ရည်မှန်းချက်။ ဒါတွေကို ကျုပ်တို့သိထားရမယ်။ မသိသေးရင် သိအောင်၊ သိပြီးရင် ပိုပြီးသိအောင်လုပ်ရမယ်။ သူတို့ကို ကိုဖြူစောစောကပြော သလို ကိုယ်ချင်းစာတတ်မှ သူတို့နေရာကို ကျုပ်တို့မြင်လာမယ်။ ဒီလို မှမဟုတ် ဘဲ ကိုယ့်ကိုယ်ကို လူကြီးပဲဆိုပြီး လူငယ်တွေနဲ့ သီးခြားခွဲထုတ်လိုက်ရင် ဟင်း .. ဟင်း .. သူတို့ကလဲ ငါတို့က လူငယ်တွေပဲ လူကြီးတွေနဲ့ မဆိုင်လို့ ခွဲထွက် မှာပဲ။
ဦးဖြူ။            ။ အင်း အဲဒီလိုဆိုရင် အလှမ်းဝေးသွားမှာ သေချာတယ်။
ဦးဝါ။             ။ ဒါပေါ့၊ အလှမ်းဝေးသွားရင် ကျုပ်တို့က ဘာပြောပြော၊ ဘာပဲဆုံးမဆုံးမ လူ ငယ်တွေက ဘယ်လိုစွဲမှတ်ထားကြသလဲဆိုတော့ အလကားပါ။ သူတို့လဲ အချိန်တွေပိုနေတာနဲ့ပဲ ငါတို့ကို ဆုံးမတဲ့အလုပ်နဲ့ အချိန်တွေဖြုန်းနေကြတာလို့ မုချ ကောက်ချက်ချကြမယ်။
ဦးနက်။          ။ အခုလဲ အဲဒီလို ဖြစ်နေတာပဲလေ။
ဦးဝါ။             ။ ခဏနေပါဦး။ အဲဒီလို အဝေးကနေ ကောက်ချက်ချလိုက်တဲ့အခါမှာ ကျုပ်တို့က တတ်နိုင် လို့ ပိဋကတ်သုံးပုံနဲ့ပြောပြော၊ ကိုဖြူရဲ့လောကနီတိ၊ ဓမ္မပဒတွေနဲ့ ပြောပြော၊ ဘယ်လိုပဲ ပြော ဆိုဆုံးမသည်ဖြစ်စေ၊ သူတို့စိတ်ထဲမှာ ကျုပ်တို့လူ ကြီးတွေကို တကယ်ဆုံးမပိုင်ခွင့်၊ ဆုံးမနိုင် သူ၊ ဆုံးမတတ်သူ လူကြီးတွေရယ် လို့ ဘယ်တော့မှ မြင်မှာမဟုတ်ဘူး။ စိတ်ချ။
ဦးဖြူ။            ။ ဒါတော့ ကျုပ်လက်ခံပါတယ် ပုဂ္ဂိုလ်ခင်မှ တရားမင်တာကိုး။
ဦးနက်၊          ။ ကျွဲပါးစောင့်တီးဆိုတာမျိုးပေါ့ဗျ။
ဦးဝါ။             ။ ဒီစကားလုံးတော့ ကျုပ်မကြိုက်ဘူး။ ကိုနက်လူငယ်တွေဟာ ကျွဲမဟုတ်သလို ကျုပ်တို့ကလဲ စောင်းသမား မဟုတ်ဘူး။
ဦးဖြူ။            ။ လုပ်လိုက်ပြန်ပြီစေ့ တစ်လုံး။
ဦးဝါ။             ။ ကဲပါဗျာ။ ရှေ့ဆက်ကြရအောင်ပါ။ လူကြီးတွေဟာ ဆုံးမပိုင်ခွင်ရှိသူ၊ ဆုံးမနိုင် သူ၊ ဆုံးမ တတ်သူ၊ ဆုံးမနိုင်သောအရည်အချင်းနဲ့ပြည့်စုံသူ၊ ဖြစ်ရမယ်ဆိုတာ ခင်ဗျားတို့ သဘောတူပြီ နော်။
ဦးနက်။          ။ ဒါ မတူစရာမရှိပါဘူးလေ။
ဦးဝါ။             ။ ဒါဆိုရင် လူငယ်တွေကို ဆုံးမပဲ့ပြင်ဖို့အရေးမှာ ဦးစွာကျုပ်တို့လူကြီးတွေကိုယ်တိုင် ကိုယ့် ကိုယ်ကို ဆုံးမပဲ့ပြင်ရလိမ့်မယ်။
ဦးဖြူ။            ။ ကျုပ်တို့ လူကြီးတွေက ဘာဖြစ်နေလို့လဲဗျ။ နိုက်ကလပ်တက်တာလဲမဟုတ်၊ အားအားရှိ လက်ဆက်ရည်ဆိုင် ထိုင်တာလဲမဟုတ်။ အုပ်စုဖွဲ့ ဂစ်တာတီးတာ လဲမဟုတ်။ ဆံပင်ဆေးဆိုး ပြီး ဟိုဒင်း ကြောင်ကြောင်ကျားကျားဝတ်တာလဲ မဟုတ်။
ဦးနက်။          ။ အဲဒါတွေ မဟုတ်တာတော့ ဟုတ်ပါပြီ။ ဒါပေမယ့် ဟဲ …. ဟဲ စလောင်းဘော လုံးပွဲ လောင်းတာတို့၊ ဘီယာဆိုင် ထိုင်တာတို့ကော။
ဦးဖြူ။            ။ ဟာဗျာ ကျုပ်ဆိုရင် အဲဒါတွေ ကင်းပါတယ်ဗျ။ ကျုပ် ဥပုသ်မှန်မှန်စောင့်တယ် မွေးနေ့ သက်သတ်လွတ်စားတယ် ပဌားန်ပွဲတွေ စီစဉ်တယ်။ ဘုန်းကြီးတရားပွဲတွေလဲ လုပ်ပါတယ်။ နေ့တိုင်းလဲ ပရိတ်ရွတ်၊ မေတ္တာပို့ အမျှဝေ။
ဦးဝါ။             ။ ကိုဖြူ ဒီကုသိုလ်အမှုတွေအတွက် ကျုပ်သာဓုခေါ်ပါတယ်။ သို့သော် ၀တ်ရွတ် စဉ်အသင်းမှာ ပဌာန်းပွဲမှာ၊ ဘုန်းကြီးတရားပွဲမှာ ကောင်လေးတွေ ကောင်းမလေးတွေ တက်တက်ကြွကြွါ နေတယ်ဆိုတာလဲ မမေ့ပါနဲ့။ နွေရာသီကျောင်း ပိတ်ရက်မှာ ရိပ်သာဝင်ကြတာ။ ဗုဒ္ဓယဉ် ကျေးမှု အခြေပြုသင်တန်း တက်ကြ တာ၊ လူငယ်တွေ အများကြီးနော်။
ဦးနက်။          ။ ဒါတွေက လူကြီးမိဘ ခိုင်းလို့လုပ်ရတာ။
ဦးဝါ။             ။ ကိုနက် ခင်ဗျားကတော့ လာသမျှ ဆန့်ကျင်မယ်ဆိုတဲ့စိတ်နဲ့ကို နေတော့ တာကိုး။ ကဲပါဗျာ ကျုပ်စကား ဆက်စမ်းပါရစေ။ ကျုပ်အပြတ်ပြောလိုက်မယ်။ လူငယ်တွေ တကယ်လေးစား ယုံကြည်အားထားတဲ့ လူကြီးဆိုတာ၊ လူငယ်တွေအပေါ် ဘယ်လောက်နားမလဲ။ ဘယ် လောက် နီးကပ်မှုရှိသလဲ။ သူတို့ကို ဘယ်လောက် စိတ်ဝင်စားသလဲ။ သူတို့ရဲ့ အရေးအရာ တွေကို ဘယ်လိုနှုတ်နဲ့ လက်နဲ့ပါဝင်လုပ်ကိုင်ပေးသလဲ။ သူတို့အပေါ် ဘယ်လောက်စာနာ သလဲ။ ဒါ တွေနဲ့ တိုင်းတာဗျ။ လူငယ်တွေက ဒါတွေနဲ့တိုင်းတာ။ အဲဒီလို လူကြီးမျိုးသား လျှင် ဆုံးမနိုင်ခွင့်ရှိသူ၊ ဆုံးမနိုင်သော အရည်အချင်းနဲ့ပြည့်စုံသူဖြစ်တယ်။
ဦးဖြူ။            ။ ဟင်း ဒါဖြင့် ဘုရားတရားနဲ့နေတဲ့ လူကြီးတွေကကော။
ဦးဝါ။             ။ ကိုဖြူ ဘာသာတရားကိုင်းရှိုင်းတယ်ဆိုတာကို ခင်ဗျားက ဘာနဲ့တိုင်းမလဲ။ ဘုရားသွား၊ ကျောင်းတက်၊ ရိပ်သာဝင်၊ သက်သတ်လွတ်စား၊ ဥပုသ်စောင့်၊ ဒီလိုလား၊ ဒါပဲလား။ အဲဒီမှာ ကျုပ်တို့တတွေ လွဲနေကြတာ။ ဘုရားအလိုတော်ကျ လူဆိုတာ၊ ကိုယ့်ကိုယ်ကို ဖြူစင်အား ကောင်းအောင် လုပ်သလို၊ အဲဒီစွမ်း အားတွေနဲ့ တနိုင်တပိုင် လူ့လောကကိုအကျိုးသည် ပိုးတတ်တဲ့ လူမျိုးမှဗျ။ ဘုရားကိုယ်တော်တိုင်ပင်လျှင် ဒုက္ကရစရိယာာဏတ္ထစရိယာ၊ လောကက္ထစရိ ယာ၊ ခင်ဗျားသိပါတယ်လေ။
ဦးနက်၊          ။ ဘုရားနဲ့ ကိုင်ပေါက်ပြီဗျို့။
ဦးဝါ။             ။ မဟုတ်ပါဘူး။ ကိုင်ပေါက်ချင်းပေါက်ရင် ကျုပ်က တရားနဲ့ကိုင်ပေါက်မှာပါ။
ဦးဖြူ။            ။ ကိုဝါပြောတာတွေ ကျုပ်မငြင်းပါဘူး။ လက်ခံပါတယ်။ နောက်တစ်ခုလဲ ထပ်ဖြည့်ပြောချင် တယ်။
ဦးဝါ။             ။ ပြောပါဗျာ။ ပြောပါ။
ဦးဖြူ။            ။ ဆုံးမပိုင်ခွင့်ရှိသူ၊ ဆုံးမနိုင်သောအရည်အချင်းနဲ့ ပြည့်စုံသူ၊ လူကြီးတစ်ယောက်ဖြစ်ဖို့ ဆို တာက သူကိုယ်တိုင်လဲ အကျင့်စာရိတ္တဖြူစင်သူဖြစ်ရမယ်။ မတရားတာ မလုပ်ရဘူး။ မတရားမှုနဲ့ အသက်မွေး ၀မ်းမကျောင်းရဘူး။ သူ့ရဲ့ ဖြူစင်ဖြောင့်မတ်မှုကို သူကကျေနပ် နေတာမဟုတ်ဘဲနဲ့ လူငယ်များက သိကြရမယ် မဟုတ်ဘူးလား။
ဦးဝါ။             ။ သိပ်ကိုဟုတ်ပါတယ်ဗျာ။ သီလ၊ သမာဓိ၊ ပညာ၊ သိက္ခာ သုံးရပ်လေ။ ဖြူစင် ဖြောင့်မတ်မှု၊ မတရားမှုမှကင်းသူကို လူငယ်သာမက လူကြီးအချင်းချင်းကလဲ လေးစားမြတ်နိုးတာပါ။ ဒီလို ကိုယ်ကျင့်အခြေခံရှိသူ လူကြီးတွေရဲ့ ဆုံးမမှုကိုလဲ လူငယ်များက လက်မခံစရာ ဘာမှမရှိပါ ဘူး။ သိထားဖို့က လူငယ်တွေဟာ မရိုင်းပါဘူး။ ယဉ်ကျေးတယ်ဆိုတာ ဘာမှန်းမသိဖြစ်နေ လို့သာ။ မတော်တဆ ရိုင်းတဲ့ဘက်ရောက်နေတာပါ။ သူတို့ရဲ့ ပကတိအသိလူသား INSTINCT ပေါ့ ဗျာ။ အဲဒီထဲမှာ ရိုင်းရင်ကြမ်းရင်ယုတ်ရင် ကျဆုံးမယ်၊ ရှုံးနိမ့်မယ်ဆိုတဲ့ သဘောထားရှိနေကြပါတယ်။ အင်း ယဉ်ကျေးရင်၊ နူးညံ့ရင်၊ မြင့်မြတ်ရင် အောင်မြင် မယ်ဆို တာကိုလဲ သိကြပါတယ်။
ဦးနက်။          ။ ကိုဝါ ခင်ဗျားကသာပြောနေ။ လူငယ်တွေကို ကြည့်လိုက်စမ်းပါ။ ဆံပင် ကြောင်ကျား၊ နာကွင်းဆွဲ၊ တီရှပ်ဝတ်၊ စကတ်အကွဲဝတ်၊ ဟီးဟားအော်ကြဟစ်ကြ၊ ဘန်းစကားတွေမှုတ် ကြ၊ တီဗီဂိမ်းတွေဆော့ကြ၊ အံမာ ဘီယာလေးတမြမြ ကရှိသေး၊ အပေါင်းအသင်း အုပ်စုဖွဲ့၊ ဘိန်းဖြူစွဲ၊ ကဲ ဘယ်မှာလဲ ခင်ဗျားပြောတဲ့ လူသားရဲ့ ဘာပကတိအသိ INSTINCT။
ဦးဝါ။             ။ ကိုနက် ခင်ဗျားပြောတဲ့ထဲမှာ အခြေခံအကြောင်းတရား မတူတာတွေ၊ အမျိုး အစားမတူ တာတွေပါနေတယ်။ အဲဒီလို သိမ်းကြုံးပြောလို့မရဘူး။ ၀တ်စားဆင် ယင်ထုံးဖွဲ့မှုရယ်၊ အပြု အမူဓလေ့စရိုက်ရယ်၊ အကျင့်စာရိတ္တရယ်၊ အဲဒီလိုခွဲရမှာ၊ ပြီးတော့ လျှင်မြန်ရှုပ်ထွေးတဲ့ ခေတ်ကာလ လွယ်လွယ်နဲ့အတုခိုးမှားစေတဲ့ ပတ်ဝန်းကျင်၊ ဒါတွေကိုပါ ထည့်ပြောရရင် အများကြီး။ ဒီထဲမှာ ၀န်းကျင်ကောင်းပေါ့။ FINE SITUATION – GOOD ENVIRONMENT ဖြစ်ဖို့ ကျုပ် တို့ လူကြီးတွေကတော့ ဘယ်လောက် တည်ထောင်ပေးနိုင်လို့လဲ။ အတုမြင်အတတ်သင် ဆိုတဲ့စကားဟာ လူကြီးကနေလူငယ်၊ လူငယ်ကနေ လူငယ်အချင်းချင်း ဒီလိုသွားတဲ့ သဘောပါ။ ကောင်းတာဖြစ်ဖြစ်၊ မကောင်းတာဖြစ်ဖြစ် လူငယ်တွေရသွားတယ်ဆိုရင် အဲဒါရဲ့ မူလရင်းမြစ်ဟာ ကျုပ်တို့လူကြီးတွေသာ ဖြစ်တယ်။
ဦးဖြူ။            ။ ပြောသာပြော ကိုဝါ။ ဒီလူကို ဒီလိုပြောပေးမှဖြစ်မယ်။
ဦးနက်။          ။ ခင်ဗျားတို့က နှစ်ယောက် တစ်ယောက်ကိုး။
ဦးဝါ။             ။ ဟင့်အင်း မဟုတ်ပါဘူး ကိုနက်ရယ်၊ ကိုဖြူနဲ့ ကျုပ်နဲ့ကလဲ မတူပါဘူး။
ဦးဖြူ။            ။ ကိုင်း နံပါတ်(နှစ်) ဆက်စမ်းပါဦး။ ဟိုလေ ဆုံးမပုံဆုံးမနည်းကကော ကာလဒေသ၊ အခြေ အနေနဲ့ ကိုက်ညီမှုရှိမရှိဆိုတာ။
ဦးဝါ။             ။ ခင်ဗျားတို့ သိတဲ့စကားပါ။ အင်္ဂုတ္ထိုရ်မှာလာတယ်။ ပြောသူ ဆုံးမသူအနေနဲ့ကောင်းသော စကား၊ မှန်သောစကားကို ပြောဆိုဆုံးမပေးမယ့် ပြောင်းပြန် သက်ရောက်မှု ဖြစ်သွားစေ တဲ့စကား၊ ငါးမျိုးရှိတယ်။ ဘာတွေလဲဆိုတော့ သဒ္ဓါ တရားမဲ့သူကို သဒ္ဓါတရားအကြောင်း ပြောတာရယ်၊ သီလမရှိသူကို သီလ အကြောင်း ပြောတာရယ်၊ အကြားအမြင်နည်းသူကို အကြားအမြင်အကြောင်း ပြောတာရယ်၊ ၀န်တိုသူကို စွန့်ကြဲမှုအကြောင်း ပြောတာရယ်၊ ပညာမဲ့သူကို ပညာအကြောင်း ပြောတာရယ်၊ အဲဒီငါးမျိုး။
ဦးဖြူ။            ။ ဟုတ်တယ်။ ပြီးတော့ စကားကြီးခြောက်ခွန်းထဲက လေးခွန်းပယ်၊ နှစ်ခွန်း တည်ဆိုတဲ့ဟာ လဲ ရှိသေးတယ်မဟုတ်လား။
ဦးနက်။          ။ ခင်ဗျားတို့ဟာက ဘုရားဟောတွေပါလာပြီ။
ဦးဝါ။             ။ ဘုရားဟောတဲ့ တရားကိုအခြေခံတာလောက် ခိုင်လုံမှန်ကန်ပြည့်စုံတာ ရှိဦး မလား။ ကိုနက်ရယ်။ ကျုပ်တို့လူကြီးတွေက လူငယ်တွေကိုပြောဆိုဆုံးမတဲ့နေရာမှာ ဒါတွေကို ရွတ် ဖတ်သရဇ္ဈာယ်ပြနေရမှာ မဟုတ်ပါဘူး။ ကျုပ်တို့လူကြီး တွေကိုယ်တိုင် ကျင့်သုံးရမယ့် နည်း လမ်းတွေပါ။
ဦးဖြူ။            ။ ဟုတ်တယ်ဗျ။ ဒါတွေက သီအိုရီအဖြစ် ရွတ်ပြရမှာတွေ မဟုတ်ဘူး။ လက်တွေ့လုပ် ထုံး လုပ်နည်းတွေ၊ အင်း တစ်ခုတော့ရှိရဲ့ ကိုဝါရေ မြတ်စွာဘုရားကတော့ လောက၀ိဒူလေ။ သတ္တ၀ါတွေရဲ့ စရိုက်၊ ဘ၀အားလုံးကို တိုးလျှိုပေါက် သိတော်မြင်တော်မူတာဆိုတော့ ဘယ် သူဖြင့် ဘယ်တရားနဲ့ ကိုက်ညီတယ်။ ဘယ်လိုဆုံးမပဲ့ပြင် ချွေချွတ်ရမယ်ဆိုတာကို သိတာ ကလား။ ကျုပ်တို့က ပုထုဇဉ်မှ အန္ဓပုထုဇဉ်၊ သတ္တ၀ါတွေစရိုက်က ဘယ်လိုလုပ်သိမှာလဲ၊ ဒီတော့ ဘယ်ပုံဘယ်နည်း ဆုံးမပြောဆိုမယ်ဆိုတာ တကယ်တမ်းကျတော့ မလွယ်ဘူးဗျ။
ဦးဝါ။             ။ မှန်ပါတယ်။ မလွယ်ပါဘူး။ သို့သော် မခက်ခဲပါဘူး။
ဦးဖြူ။            ။ ဟင်း … ခင်ဗျားဟာက။
ဦးဝါ။             ။ မခက်ပါဘူးဆိုတာက ဒီလိုပါ။ ခင်ဗျားလူငယ်တွေရဲ့ စရိုက်အထွေထွေကို အနီးစပ်ဆုံး သိချင်ရင် ဦးစွာ သူတို့အပေါ်တကယ်မေတ္တာထားရမယ်။ တကယ် စေတနာထားရမယ်။ ချစ် ခင်သော မျက်စိနဲ့ကြည့်ရင် အသေးစိတ်တွေကို မြင်လာနိုင်ပါတယ်။
ဦးနက်။          ။ အဲဒါတော့ ကြိုက်သဗျို့။ နေဦး ကျုပ်ကြိုက်ပုံကြိုက်နည်းက လူကြီးအတော်များများဟာ ခင်ဗျားပြောသလို မေတ္တာစေတနာ တကယ်မကိန်းပဲနဲ့ ငါလူကြီး၊ ငါဆုံးမပိုင်ခွင့်ရှိသူ၊ လူငယ် တွေကို ဆုံးမပြခြင်းအားဖြင့် ငါ့ဂုဏ်လဲပိုတက်တယ်၊ ဒီလိုရှိထားကြတာများတယ်ဗျ။
ဦးဝါ။             ။ ကျေးဇူးပါပဲ ကိုနက်၊ ခင်ဗျားတောင် သဘောထားပျော့ပျောင်းလာပြီ။
ဦးဖြူ။            ။ မေတ္တာ စေတနာအရင်းခံ၊ ဒါငြင်းစရာမရှိပါဘူး။ ဒါ့အပြင် နောက်တစ်ခု ကျုပ်ထပ်ဖြည့်ချင် သေးတယ်။
ဦးဝါ။             ။ ပြည့်ပါဗျာ။
ဦဖြူ။             ။ လူငယ်တွေအပေါ်မှာသာမက အဲဒီလူငယ်တွေနဲ့ တည်ဆောက်မယ့် အနာ ဂတ်ဘ၀ကြီး၊ လောကကြီး၊ အဲဒီလောကထဲမှာ ကျုပ်တို့လဲပါတယ်နော်။ ဒီဘ၀ လောကကြီးဟာ အဆိုး တရားတွေနည်းပါစေ၊ လျော့ပါစေ၊ ကင်းပါစေ၊ အကောင်းတရားတွေ များပါစေ၊ တိုးပါစေ၊ လင်းပါစေဆိုတဲ့ ရည်ရွယ်ချက်ကြီး။
ဦးဝါ။             ။ သာဓပါဗျာ လုံးဝဥဿုံမှန်ပါတယ်။ ဘယ့်နှယ်လဲ ကိုနက်။
ဦးနက်။          ။ အင်း … ကျုပ် သေချာပြန်စဉ်းစားဦးမယ်ဗျာ။ ခင်ဗျားတို့ပြောတာတွေက လက်မခံနိုင်စရာ မရှိပါဘူး။ အခု ကျုပ်တွေးမိလာတာတစ်ခုရှိတယ်။ အဲဒါကို ပြောချင်တယ်။
ဦးဖြူ။            ။ ဘာပါလိမ့်ဗျာ။
ဦးနက်။          ။ သြော် တခြားမဟုတ်ပါဘူး။ ကျုပ်တို့လူကြီးတွေပေါ့ဗျာ။ အခု ဒီလိုစကားကို ဖွဲ့ပြောနေကြ ချိန်မှာ လူငယ်တွေလဲ ကျုပ်တို့လူကြီးတွေအကြောင်း သူတို့ချင်း ပြောနေကြမှာဘဲလို့။
ဦးဝါ။             ။ သိပ်ဟုတ်တဲ့ အတွေးပဲ၊ သြော် … ကိုနက် ကိုနက် ဘာပြောပြော ခင်ဗျားမှာ စိတ်ရင်း ကောင်းရှိပါတယ်။ အယူလေးတဆိတ်လွဲပြီး ခင်ဗျားစိတ်ချဉ်ပေါက် နေတာပဲဖြစ်မှာပါ။ ခင် ဗျားလိုလူမျိုးသာ လူငယ်တွေနဲ့ တကယ်တမ်းထိတွေ့ နားလည်မှုရှိလာပြီဆိုရင်တော့လား ဗျာ .. အင်း ….။
ဦးဖြူ။            ။ ကိုင်း စကားပြောလို့ကောင်းသဗျို့၊ နောက်တစ်ပတ်ကျမှ ဆုံးကြဦးစို့ရဲ့။

ချစ်ဦးညို
၂၆၊ ၄၊ ၂၀၀၄

Monday, March 7, 2011

ကျေးဇူးပါ ဖေဖေနဲ့မေမေ

မွေးနေ့တစ်ခေါက်ရောက်ခဲ့ပြန်ပြီ။ အသက်လေးလည်း တစ်ဖြည်းဖြည်းကြီး လာပြန်ပြီ။ အသက်ကြီးလာလေလေ မိဘရဲ့ကျေးဇူးကို နားလည်လာလေပါ ပဲ။ စိတ်ထဲမှာလည်း မိဘနှစ်ပါးကိုအစဉ်အမြဲသတိရလျက်ပါပဲ။ အနေဝေးကြ ပေမယ့် စိတ်ချင်းအမြဲအဆက်အသွယ်ရှိနေတယ်။ အထူးသဖြင့် မွေးနေ့မှာ ဆိုရင် မိဘတို့ကိုအရင်ဆုံးကန်တော့ဦးချစမြဲပဲ။ 

မွေးနေ့ရောက်တိုင်း ကျမကိုမွေးဖွားစဉ်က အဖြစ်အပျက်ကလေးများကို ပြော ပြခဲ့ဖူးတဲ့ မေမေ့စကားသံလေးတွေကို ကြားရောင်နေမိတယ်။ ပူပြင်းတဲ့ရာသီ မှာမွေးဖွားတဲ့သူမို့ အေးချမ်းခြင်းကို အထူးမြတ်နိုးတာ ဖြစ်မယ်။ ရေရှားပါးတဲ့ ကာလမှာမွေးဖွားတဲ့သူမို့ ရေဆိုသိပ်ကြိုက်တယ်။ အထူးသဖြင့် ရေတံခွန်ရေ နဲ့ မိုးရေပေါ့။

မွေးနေ့မှာတော့ ဘာမှထွေထွေထူးထူးမလုပ်ဖြစ်ပါဘူး။ အိမ်မှာပဲဘုရားဆွမ်းတော်ကပ်ပြီး ပြီးသွားတာပါတယ်၊ အရင်နှစ်တွေကလို သူငယ်ချင်းတွေနဲ့ ပါတီလေးလုပ်၊ ကိတ်မုန့်မီးမှုတ်တာမျိုးတော့ မလုပ်ဖြစ်ဘူး။ ဒါကလည်း ကိုယ့်ရွေးချယ်မှုဖြစ်ပါတယ်။ ဒီနှစ် ဘာမဆိုအေးအေးဆေးဆေးပဲဖြစ်စေချင်တာမို့ မွေးနေ့မှာလည်း စိတ်ရော ကိုယ်ပါ အေးချမ်းနေစေချင်မိတယ်။ အလုပ်နားရက်ဖြစ်တာမို့ ပိုပြီးအေးဆေးလေး ဖြစ်သွားပါတယ်။ 

လိုအင်ဆန္ဒပြည့်ဝပါစေလို့ဆုတောင်းသော်လည်း ပြည့်ဝတယ်ရယ်လို့မဟုတ်သေးဘူး။ တခါတလေမှာတော့ တိုက်ဆိုင်မှုလေးတွေက ရှိတတ်ပါတယ်။ မွေးနေ့မတိုင်မီတနေ့ကတည်းက နေမကောင်းချင်သလိုဖြစ်ခဲ့တယ်။ ဒါကြောင့် မွေးနေ့မှာရော နောက်တစ်နေ့တွေမှာပါ မသက်မသာဖြစ်ခဲ့ရတယ်။ အဲတော့ ဘယ်လိုပြောရမလဲ ပိုပြီးအေးဆေးသွားတာပေါ့။ ဘယ်မှသွားစရာမလို၊ ဘာမှလည်းလုပ်စရာမလိုတော့ပဲ အိပ်ယာထဲမှာပဲ အိပ်နေ လိုက်တာပဲ။ 
 
ဘ၀မှာ ရှိသမျှလေးနဲ့ ကျေနပ်ပါတယ်။ ရသမျှလေးနဲ့လည်း ကျေးနပ်မိတယ်။ ဘာမှကြီးကြီးကျယ်ကျယ်တွေ မ လိုအပ်ဘူးဆိုတာ ကိုယ့်ကိုယ်ကိုသိနေပါတယ်။ အဓိက ကိုယ်ရော ကိုယ့်ပတ်ဝန်းကျင်တစ်ခုလည်း အေးချမ်းမှု တွေနဲ့ ပြည့်ဝဖို့ပါပဲ။  ကိုယ်နိုင်တာလေးကိုလုပ်၊ ကိုယ်တတ်သမျှ အများကိုဝေငှပြီး ကိုယ်ရှိသလောက်နဲ့ ဘ၀ ကို အေးချမ်းစွာတည်ဆောက်ရနိုင်မယ်။ 

မွေးနေ့အတွက် လာရောက်ဆုမွန်ကောင်းပို့သပေးတဲ့ ဆရာသမား၊ လူကြီးမင်းများ နှင့် မိတ်ဆွေ၊ သူငယ်ချင်း၊ ညီအစ်ကိုမောင်နှမများအားလုံးကို အထူးကျေးဇူးတင်ပါတယ်။

Wednesday, February 23, 2011

လွန်လေပြီးသောအခါ

အားလုံးကို မေ့မေ့ပျောက်ပျောက်ဖြစ်နေသော်လည်း တခါတခါပြန်ပြီး သတိတရတော့ရှိသေးတယ်။ အချိန် ကာလမှာ ၁၀ နှစ်တောင်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း မိမိကိုယ်ကို ဟိုး ... အရင်တုန်းက ကလေးတစ်ယောက်လို ခံစားနေမိသေးတယ်။ အစွဲလန်းဆုံးဘ၀ကတော့ ကျောင်းသူဘ၀ပါပဲ၊ အပျော်ဆုံးဖြစ်ပြီး အရိုးသားဆုံးဘ၀လည်း ဖြစ်ခဲ့တယ်။ ဒီတစ်သက် ဘယ်တော့မှပြန်မရနိုင်တော့တဲ့ ဘ၀လည်းဖြစ်တယ်။ 

အဲဒီတုန်းက ဒီအချိန်ဆိုရင် ကိုယ်တို့နောက်ဆုံးအတန်းတင်စာမေးပွဲဖြေဆိုနေကြပြီပေါ့။ နွေရာသီကျောင်း ပိတ်ရက်ကိုလည်း ရောက်တော့မယ်။ သူငယ်ချင်းတွေနဲ့လည်း ခွဲခွာရတော့မယ်။ ကျောင်းပိတ်ရက် တွေမှာလည်း အလုပ်လုပ်ရတော့မယ်။ မမျှော်လင့်တဲ့ဘ၀တွေကိုလည်း ရှေ့ဆက်ကြုံရတော့မယ်ဆိုတာ မသိခဲ့ဘူး။ ဒီထက် မသိတဲ့အကြောင်းတစ်ခုကား ကျောင်းထွက်ရတော့မယ်ဆိုတာ တကယ်မမျှော်လင့်၊ မရည်ရွယ်ဆုံးအကြောင်းတစ်ခု ပါပဲ။ 


ကျောင်းပိတ်ပြီး ၃ ရက်အကြာမှာ အိမ်နဲ့ရွာ၊ မိဘနဲ့မောင်မနှတွေကို ခွဲခွာရတော့တာပဲ။ ခဏတဖြုတ်ပါပဲလေ လို့တွေးပြီး ရွာကထွက်လာခဲ့ပေမယ့် နှစ်တွေက အခုဆိုရင် ၁၀ နှစ်တောင်ကြာမြင့်ခဲ့ပါပြီ။ အတိတ်ကို သတိရတဲ့စိတ်တွေက နေ့စဉ်နဲ့အမျှရှင်သန်နေပေမယ့် ရွာကိုပြန်သွားဖို့ရည်ရွယ်ချက်ကတော့ သေဆုံးခဲ့ပါပြီ။ ဘယ်တော့မှ မပြန်တော့ဘူးလို့လည်း ဆုံးဖြတ်ထားလိုက်ပါပြီ။ အတိတ်ရဲ့အငွေ့အသက်တွေကိုလည်း ဆက်ပြီး အသိအမှတ်မပြုချင်တော့ဘူး။ 



Wednesday, January 19, 2011

စေတနာ့အငွေ့

အေးချမ်းတဲ့ဆောင်းရာသီလေးဆီ ကိုယ်တို့အားလုံးခရီးနှင် လာခဲ့ပြန်ပြီတစ်နှစ်။ အေးချမ်းတယ်ဆိုတဲ့အအေးဓါတ်လေး ကို ခဏလောက်တော့ခံစားခွင့်ရခဲ့ပါတယ်။ နွေးထွေးတယ် ဆိုတဲ့အနွေးဓါတ်လေးကိုလည်း ခဏတဖြုတ်ခံစားခွင့်ရခဲ့ပါ တယ်။ စိုစွတ်ခြင်း နှင့် ပူပြင်းခြင်းတို့လည်း တချိန်တည်းမှာ ကိုယ်နဲ့အတူအမြဲရှိခဲ့ပါတယ်။ 

ဒီရာသီမှာ အအေးဓါတ်ကိုမျှော်လင့်ကြသူများရှိသလို၊ အနွေး ဓါတ်ကိုလိုလားသူတွေလည်း ဒုနဲ့ဒေးပါပဲ။ ကိုယ်တို့အရပ်မှာ သိပ်မအေးပေမယ့် ကိုယ်နဲ့ဝေးတဲ့အရပ်တွေမှာ တွေတော့ အလွန်အမင်းအေးစက်နေတာသိရတော့ ကိုယ်ချင်းစာမိတယ်။ အအေးလွန်ခြင်းဒုက္ခ၊ အပူလွန် ခြင်းဒုက္ခကလည်း လူသားတွေကို နည်းမျိုးစုံနဲ့ ကြုံတွေ့ခံစားစေတာပဲ။

အကောင်းဆုံးကတော့ ဒီရာသီမတိုင်ခင် မိမိတို့ကြုံဆုံရမယ့်ရာသီဥတုဒဏ်တွေအတွက် ကြိုတင်ပြင်ဆင်ထား ရမှာပါပဲ။ လုံလောက်စွာရှိကြသူများကလည်း မရှိသူတွေကိုဝေမျှပေးခြင်းဟာ ဒါနကုသိုလ်တမျိုးပါပဲ။ နှစ်သစ် မှာ ကောင်းတာလေးတွေလုပ်ဖြစ်သွားတာပေါ့။ အနွေးထည်တွေထက် စေတနာထုထည်ကြီးက ပိုမိုနွေးထွေး စေပါတယ်။ 

 ကျမအနေနဲ့တော့ ကလေးငယ်လေးတွေအတွက် ဆောင်းရာသီမှာ အနွေးထည်လေးတွေ အလှူခံပေးပါ တယ်။ စေတနာရှင်တွေကလည်း ကြည်ဖြူစွာပင် အသစ်ဖြစ်စေ၊ အဟောင်းထဲကဖြစ်စေ၊ ဝေမျှပေးကြပါတာ ပဲ။ ပေးကမ်းခြင်းမှာ သစ်သည်၊ ဟောင်းသည်မရှိပါဘူး၊ အဓိကလိုအပ်မှုလေးတွေဖြည့်စွက်ဖို့ပါပဲ။ ဟိုလူ့ပေးမှ၊ ဒီလူ့ပေးမှလည်းမဟုတ်ပါဘူး၊ ကိုယ့်မျက်စိအောက်က တကယ့်တကယ်လိုအပ်နေသူများကို ပေးဖြစ်ဖို့အရေး ကြီးပါတယ်။ 

ဒီလောက်ဆိုရင် ကိုယ်ရောသူပါ နွေးထွေးမှု၊ ကျေနပ်မှုလေးတွေရရှိနိုင်ပါပြီ။       ။