Showing posts with label ခံစားချက်. Show all posts
Showing posts with label ခံစားချက်. Show all posts

Thursday, June 3, 2010

လွမ်းတဲ့အခါ

တခါမှ အကြာကြီးခွဲမနေဖူးတဲ့ သူတွေမို့ ဒီတခါ ၃ လကြာအောင် ခဏခေတ္တခွဲခွာနေကြရတော့ စိတ်မကောင်း ဖြစ်လိုက်တာ ... ။ သတိရလို့ မဆုံး၊ လွမ်းလို့လည်း မဆုံးဖြစ်မိတယ်။ ဒါပေမယ့်လည်း ဆယ်ကျော်အသက်အ ရွယ်တွေလည်းမဟုတ် ... ။ သမီးရည်းစားတွေလည်း မဟုတ် ... ။ အကြင်ဇနီးမောင်နှံဖြစ်နေကြပြီဆိုတော့ ဘ၀ပေးအခြေအနေအရ ခဏလေးခွဲနေရတယ်လို့ပဲ ဖြေသိမ့်လိုက်မယ်။ 

၃ လဆိုတဲ့ခရီးက တကယ်တမ်းကျတော့ သိပ်မကြာလှဘူး၊ ကိုယ်တွေရဲ့စိတ်က သည်းငြီးမခံနိုင်ကြရင် သိပ်ကြာလွန်းတယ်လို့ပဲ ထင်နေကြမှာပဲ။ ကိုယ့်အလုပ်ကိုယ်လုပ်၊ သူ့အလုပ်သူလုပ်နေပြီး လွမ်းတဲ့ဆွေးတဲ့ အကြောင်းတွေ သိပ်မတွေးမိကြရင် ဒီကာလကို ကိုယ့်တို့အေးချမ်းစွာကျော်ဖြတ်နိုင်မှာပါ။ 

အရေးကြီးတာက ကိုယ်တို့နေထိုင်နေတဲ့ လူမှုပတ်ဝန်းကျင်ရဲ့ ရေးကိစ္စတွေ၊ လုပ်ငန်းကိစ္စတွေ အဆင်ပြေ အောင်ကြိုးစားလုပ်ကိုင်သွားကြဖို့ပါပဲ။ အားလုံးအဆင်ပြေသွားရင် ကိုယ်တို့လည်းအေးချမ်းစွာ အခုလိုမျိုးမကွဲ မကွာနေနိုင်ပြီပေါ့။

သတိရတိုင်း ဖုန်းဆက်၊ စာရေးပို့တာမျိုးလုပ်နိုင်တဲ့ခေတ်ဆိုတော့ သိပ်ပြဿနာမရှိပါဘူးလေ ... မျက်နှာကို တွေ့ချင်ရင် ဓါတ်ပုံလေးကြည့်၊ အသံကြားချင်ရင် ဖုန်းလှမ်းဆက်လိုက်၊ ဒါဆို လုံလောက်သင့်ပါပြီနော်။

ကိုယ်တို့ဘ၀တွေဟာ ဘာတစ်ခုမှသေချာရေရာတာမရှိခဲ့ပေမယ့် ကိုယ့်ရင်ထဲမှာ သူဟာအမြဲတမ်းရှိနေတယ် ဆိုတာသေချာလွန်းပါတယ်ဆိုတာပဲလေ ... ။

ချစ်သောသူ

Monday, March 29, 2010

သတိရသမျှ

သင်္ကြန်အခါတော်ရောက်ခါနီးတိုင်း အတိတ်ကနေ့ရက်လေးတွေကို သိပ်လွမ်းမိတယ်။ မိုးအငွေ့အသက်တို့က စိတ်ကိုဟိုးအဝေးဆီးကိုထွက်ပြေးချင်အောင် နှိုးဆွနေသလိုပဲ ... 
  
ပူအိုက်လွန်းတဲ့နေ့ရက်တွေမှာ မိုးကိုမျှော်ရတဲ့စိတ်တွေမောရတာလည်း အတိတ်ရဲ့နေ့ရက်တွေဆီကိုရောက် ရောက်သွားတတ်တာပဲ ...

ဒီအချိန်ဆိုရင် နေပူဒဏ်ကြောင့်ခြောက်ကပ်ပြီး လောင်မြိုက်တော့မတတ်ဖြစ်နေတဲ့ တောင်တန်းကြီးနဲ့ အင်း အိုင်တို့ဟာ မိုးအလာကိုမျှော်နေတော့မှာပဲ ...

ကိုယ်မရှိတော့ ကိုယ့်ရဲ့တောရွာလေးဟာ ကိုယ့်ကိုသတိရနေရဲ့လားလို့လည်း တွေးမိတယ် ... ကိုယ်ကတော့ အဲဒီတောရွာကလေးကို အမြဲတမ်းသတိရနေတာ ဟောဒီစာနဲ့အခြားစာတိုင်းဖတ်မိတဲ့လူတိုင်းက အသိဆုံးပါ ပဲလေ ...  



 

Thursday, February 11, 2010

ဆုမွန်ကောင်းပို့သလျက်

သိပ်ဝမ်းနည်းမိပါတယ် ဘ၀မှာမမျှော်လင့်တာတွေအများကြီးဖြစ်လာတယ်၊ မလိုအပ်ဆုံးအရာတွေပေါ့ ကိုယ့် ကိုယ်ကိုအကြိမ်ကြိမ်မေးခွန်းထုတ်မိတယ် ဘာကြောင့်လဲ၊ ဘာကြောင့်လဲ၊ ဘာကြောင့်လဲ ကိုယ့်မှာအတိတ်ရဲ့ ၀ဋ်ကြွေးက မကုန်းသေးလို့လား၊ ရှေ့ဆက်ပြီး ဘယ်လောက်အထိပေးဆပ်ရအုံးမလဲ၊ ဘ၀မှာအကြိမ်ကြိမ်ကျရှုံး နေပါပြီ။ ဆက်လက်အသက်ရှင်ဖို့အတွက် အင်အားတွေကုန်ခန်းနေပြီ။

အမှတ်တရနေ့ရက်တွေဆိုတာ တို့အတွက်ရှိခဲ့ဖူးလို့လား ... မမှတ်မိသလိုဖြစ်နေတယ်၊ ဘယ်အကြောင်းကို အတည်ပြုပြီး အမှတ်တရရယ်လို့ အသိအမှတ်ပြုရမှာလဲ၊ မရှိဘူးမဟုတ်လား၊ ဒါဆိုရင် ဘယ်အကြောင်းကို အတည်ပြုပြီး ရှေ့ဆက်ဖို့လိုသေးလဲ။ လူတိုင်းဟာ မိမိတို့ရဲ့စိတ်အေးချမ်းရာ၊ စိတ်ကျေနပ်ရာ၊ စိတ်ပျော်ရွှင်ရာ အရပ်၌သာနေချင်ကြတယ်။ နေ့စဉ်နှင့်အမျှ စိတ်မကြည်လင်၊ စိတ်မပျော်ရွှင်ဖြစ်နေရမယ်ဆိုရင် ကြာလာ လေ လူ့ဘ၀ဟာသိမ်ငယ်ညှိုးနွမ်းသွားလိမ့်မယ် ...။ 

ဒီဘ၀မှာ အားလုံးအတွက် ကောင်းမှုကုသိုလ်များရရှိကြပါစေလို့ အမျှအတမ်းဝေပါတယ်၊ ဆက်လက်ပြီးလည်း အေးချမ်းတည်ငြိမ်စွာ အသက်ရှင်သွားနိုင်ကြပြီး ကိုယ်တို့ရဲ့နောက်ဘ၀ကောင်းစားဖို့အတွက် ကောင်းမှုများပြု လုပ်နိုင်ကြပါစေ၊ ရခဲတဲ့လူ့ဘ၀ကို အထူးအေးချမ်းစွာနေနိုင်ကြပါစေ၊ သတ္တ၀ါများအားလုံးအချင်းချင်းမေတ္တာ တရားပွားများကြပါစေ လို့ဆုမွန်ကောင်းပို့သလိုက်ပါတယ်။       ။