Monday, September 20, 2010

`ပျော်ရွှင်ခြင်းအစ ကျောင်းနေစဉ်ဘ၀´


          လူ့ဘ၀တစ်လျှောက်မှာပျော်ရွှင်စရာအစစ်အမှန်နဲ့ ကြည်နူးစရာအကောင်းဆုံးအချိန် ကာလနဲ့ အရွယ်သည် ကျောင်းသူကျောင်းသားဘ၀ပင်ဖြစ်ပါတယ်။ ချမ်းသာတဲ့မိသားစု အသိုင်းအ၀ိုင်းကဖြစ်စေ၊ ဆင်းရဲတဲ့မိသားစုအသိုင်းအ၀ိုင်းကဖြစ်စေ၊ အဲဒီကျောင်းသူ ကျောင်း သားဘ၀ဟာ အပူအပင်ကင်းတဲ့ဘ၀ ဖြစ်ပါတယ်။ လူတစ်ယောက်ဘ၀ကို လူ့လောကအလယ်မှာ သတ္တိ၊ သတိ၊ သမာဓိများစွာဖြင့် ရပ်တည်နိုင် အောင် ဘ၀ကိုလမ်းပြစပျိုးခဲ့တဲ့ဌာနဟာ စာ သင်ကောင်းနဲ့ကျောင်းဆရာ၊ ဆရာမတို့ပင်ဖြစ်ပါတယ်။ မိမိတို့ လူ့လောကအတွင်း အဖော်မွန် ကောင်း၊ မိတ်ကောင်းဆွေကောင်းတွေကိုရွေးချယ်ခွင့်ပေးတာလည်း ဒီစာ သင်ကျောင်းပင်ဖြစ်ပါတယ်။ လူ့ဘ၀တစ်ခုလုံး အေးအေးချမ်းချမ်းတည်ဆောက်၊ ရပ်တည်နိုင်အောင်အသိ ပညာ၊ အတတ်ပညာတို့ကိုပေးအပ်ခဲ့တာလည်း ဟောဒီစာသင်ကျောင်းပင်ဖြစ်ပါတယ်။
          စာသင်ကျောင်းဆိုသည်မှာ အသက်မဲ့အရာဝတ္ထုတစ်ခုကို သက်သက်မဲ့ဂုဏ်ယူချီးကျူး နေခြင်း မဟုတ်ပါ။ စာသင်ကျောင်းလို့အမည်နာမတပ်ပေးမယ့် တကယ့်တကယ်အဓိကကျေးဇူးရှင်မှာ ဆရာ၊ ဆရာ မများပင်ဖြစ်ပါတယ်။ ဆရာ၊ ဆရာမများသည် မိမိတို့ရဲ့မိဘမှလွဲရင် ဒုတိယ အရေးကြီးဆုံး၊ အကြီးများဆုံး၊ အဓိကကျဆုံးကျေးဇူးရှင်များဖြစ်ပါတယ်။ ဆရာ၊ ဆရာမများသည် ကျောင်းသူကျောင်း သားများကိုစာပေ တတ်မြောက်အောင်စေတနာအပြည့်ထားပြီးသင် ကြားပို့ချပေးရုံမက၊ ကျောင်းသူကျောင်းသားများအပေါ်မှာ လည်း အမျိုးစုံတဲ့အနစ်နာခံခြင်း၊ ကျောင်းသးကျောင်းသားများစွာကိုကျောင်းဆိုတဲ့ အိမ်ကြီးတစ်ဆောင် တည်းအောက်မှာ စည်း လုံးညီညွတ်အောင်သွန်သင်ဆုံးမခြင်း၊ ကျောင်းသူကျောင်းသားများစိတ်ဓါတ်အစွမ်း ရည်မြင့်မားစေရေး၊ စည်းကမ်းသေ၀ပ်စေခြင်း စတာတွေကိုစေတနာထားကာ ကျောင်းဆောင်ကြီးအောက် မှာ တညီတညွတ်တည်းသွန်သင်ဆုံးခဲ့ကြပါတယ်။
          ဒါကြောင့် ပညာသင်ယူနေတဲ့ကျောင်းသူကျောင်းသားများအနေနဲ့ မိမိတို့ဘ၀ကိုအေးချမ်းစွာနဲ့ စည်း လုံးညီညွတ်စွာတစ်မိုးတည်းအောက်မှာ အတူတကွနေထိုင်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ အဓိကကတော့ ကျောင်းက ချမှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာနိုင်ဖို့ပင်ဖြစ်ပါတယ်။ ပြီးတော့အရေးကြီးဆုံးဖြစ်တဲ့ မိမိတို့ ပညာရေးတိုးတက်ထူးချွန်အောင်ကြိုးစားဖို့ဖြစ်ပါတယ်။ ကျောင်းသူကျောင်းသားတစ်ယောက်ဖြစ်နေတဲ့ ကာ လမှာ လိုက်နာရတဲ့စည်းကမ်းများနဲ့ အိမ်စာ၊ သင်ခန်းစာတို့ဟာ မိမိတို့အတွက်မပင်ပန်းလောက်ပါဘူး။ တကယ်လွယ်ကူတဲ့အရာ တွေတွေပါ။
          ကျမတို့ကျောင်းတက်ခဲ့ရစဉ်က အလွန်ကြည်နူးစရာကောင်းတဲ့ ကျောင်းသူကျောင်း သားဘ၀ကို တကယ်ခံစားခဲ့ရဖူးတယ်။ လူ့ဘ၀တစ်လျှောက်လုံးမှာ အဲဒီလောက်ပျော်ရွှင်ကြည် နူးရတဲ့ဘ၀မျိုးကို ဘယ် တော့မှပြန်မရနိုင်တော့ပါ။ ကျောင်းစတက်ရတဲ့ ပထမနေ့လေးကိုတော့ အခုချိန်အထိ သတိရနေသေးတယ်။ အဲဒီမှာကိုယ်ကကျောင်းသူအသစ်လေးမို့ အတန်းထဲက အခြားကျောင်းသူကျောင်းသားတွေနဲ့ဘယ်လိုပြော ဆိုဆက်ဆံရမလဲ၊ ဆရာ၊ ဆရာမတွေနဲ့ ဘယ်လိုဆက်ဆံရမလဲ၊ စာတွေလိုက်နိုင်ပါ့မလား၊ စာကျက်ရတာ ကိုယ့်အတွက်လွယ်ပါ့မလား၊ ခက်ရင်တော့ဘယ်လိုလုပ်ရမလဲ၊ ဘယ်သူ့ကိုမေးရမလဲ၊ ဆရာ၊ ဆရာမတွေကို ပြန်မေးရင် အရိုက်ခံရမလား၊ အိမ်စာတွေမလုပ်နိုင်ရင် နောက်နေ့ကျောင်ရောက်ရင် အတန်းဖော်တွေကို ယှက်ရတော့မှာပဲ စတာတွေတွေးမိခဲ့တယ်။ ကြောက်နေသလား …. ယှက်နေသလား …. လို့တောင် ကိုယ့် ကိုယ်ကို ဝေခွဲမရဖြစ်ခဲ့မိတယ်။
          ရင်ထဲမှာတစ်တော့ခံစားနေခဲ့မိတယ်။ အဲဒါကတော့ ပျော်ရွှင်ကြည်နူးခြင်းပါပဲ။ ကျောင်း မြေပြင်ကြီး၊ ကျောင်းဝင်းကြီးထဲကိုပထမဆုံးခြေလှမ်းခဲ့မိတာနဲ့ ကိုယ့်ကိုယ်ကို `ငါဟာကျောင်းသူအစစ်ဖြစ်သွားပါပြီ´ လို့အော်ဟစ်ကြွေးကြော်လိုက်ချင်ခဲ့တယ်။ ကျောင်းသူဘ၀မှာကြုံတွေ့ရ မယ့်ရှေ့ရေးတွေကို တွေးကြောက်မိ ခဲ့ပေမယ့်လည်း စိတ်လှုပ်ရှားမိတဲ့ မိမိရဲ့ကျောင်းသူဘ၀ကို အလွန်ကျေနပ်နေမိခဲ့တယ်။
          အတန်းထဲကိုရောက်တာနဲ့ အသက်အရွယ်တူတဲ့ကျောင်းသူတစ်ယောက်က ကျမကိုခေါ်ပြီး သူ့အနား မှာထိုင်ဖို့နေရာပေးခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျမတို့နှစ်ယောက်အချင်းချင်း မိတ်ဆက်ကြတယ်။ အတန်းထဲ ကိုကျောင်းသူကျောင်းသားအသစ် တစ်ယောက်ရောက်လာ တိုင်း အတန်းဖော်တွေရော၊ အခြားအတန်းက ကျောင်းသူကျောင်းသားတွေပါ စိတ်ဝင်တစားလှမ်းကြည့်လေ့ရှိခဲ့ကြတယ်။ ကျမမှာနေစရာမရှိအောင် အယှက်သွေးလွှမ်းဖြာမိခဲ့တယ်။ စိတ်ကလည်း အတော်လှုပ်ရှားနေခဲ့မိတယ်။ နောက်နည်းနည်းကြာလာတာ နဲ့ အတန်းကကျောင်း သူကျောင်းသားအားလုံးနီးပါးနဲ့ရင်းနှီးလာခဲ့တယ်။ ပြောရဲ့ဆိုရဲ့တွေဖြစ်လာတယ်။ အားလုံးနဲ့ ပေါင်းသင်းရတာလည်း အဆင်ပြေချောမွေ့လာတယ်။ လမ်းမှာတွေ့လည်းခေါ်ကြတယ်။ အိမ်တိုင် ယာရောက်သွားလည်ကြတာမျိုးလည်းလုပ်လာခဲ့ကြတယ်။ အချင်းချင်းစာပြတာမျိုး၊ စာအတူတူကျက်တာမျိုး  အိမ်စာအတူတူလုပ်တာမျိုးတွေ လုပ်ဖြစ်ခဲ့ကြတယ်။
          ဆရာ၊ ဆရာမများကိုကျတော့ ပထမတွေ့တာနဲ့အလွန်ကြောက်ခဲ့မိတယ်။ မမေးရဲ၊ မပြောရဲ၊ မခေါ်ရဲ စတာတွေဖြစ်ခဲ့ရတယ်။ အတန်းခေါ်ချိန် (ကျောင်းခေါ်ချိန်) ရောက်တိုင်း ကိုယ့်နာမည်ခေါ်မှာကို အရမ်း ကြောက်ခဲ့တာ၊ ကြောက်ရတဲ့အကြောင်းကလည်း ကိုယ်ကအသံမ ကျယ်တော့ ဆရာမခေါ်လို့ထူးပေမယ့် မကြားရရင် ဆရာမက `ထရပ်စမ်း´ လို့ပြောလိုက်ရင် မျက်နျာတစ်ချပ်လုံးပြောင်ရဲတောက်သွားပြီး တစ် ကိုယ်လုံးလည်းထူးပူထုံကျင်ပြီး အလွန်ယှက် ခဲ့ရဖူးတယ်။ အဲဒီအခါကျရင် အတန်းဖော်ကျောင်းသားတွေက လှောင်ပြောင်ကြသေးတယ်။ ဒါ ကြောင့် `နောက်ဆိုရင် ဒါမျိုးမဖြစ်အောင် ငါကြိုးစားရမယ်´ လို့ဆုံးဖြတ်ခဲ့ တယ်။ စာကျက်တဲ့ အခါမှာလည်း ကိုယ့်အသံထွက်အောင်၊ ကျယ်အောင်အော်ကျက်ခဲ့တယ်။ ဆရာ၊ ဆရာမ တွေ ကိုယ့်ကိုချစ်အောင် စာကြိုးစားပြခဲ့တယ်။ အတန်းထဲမှာ ခေါင်းဆောင်ပိုင်းနေရာကိုရလာခဲ့တယ်။
          စာကျက်အားမကောင်းတဲ့ ကျမဟာ စာကျက်ရတာကိုလည်း ပျင်းတတ်သေးတယ်။ လွယ်တာတွေကို `ဟင်း … နောက်မှကျက်မယ်´ ဆိုပြီးဖယ်ထားခဲ့တာမျိုးလည်းရှိတယ်။ ခက်တဲ့သင်ခန်းစာတွေ၊ အိမ်စာတွေ နဲ့ကြုံတဲ့အခါကတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ၊ အိပ်မပျော်၊ စားမ၀င်အထိသောက၀င်မိခဲ့တယ်။ အဲဒီ အခါကျရင် မျက်ရည်ကျတဲ့အထိစိတ်မကောင်း ဖြစ်ခဲ့မိတယ်။ ကိုယ့်အတန်းဖော်တွေကိုမေးဖို့ကလည်း အိမ် ချင်းဝေးတယ်။ ဆရာ၊ ဆရာမတွေ ရဲ့အိမ်တွေကလည်း ဝေးတယ်။ သွားလည်းမမေးရဲ။ နောက်ဆုံးတော့ `နောက်ဆိုရင် ဆရာ၊ ဆ ရာမတွေ စာသင်နေတဲ့အချိန်မှာ သေသေချာချာလေ့လာမှတ်ယူမှဖြစ်မယ်´ လို့ အကြံရခဲ့တယ်။ ဒါကြောင့် နောက်ပိုင်းမှာတော့ အတန်းတိုင်း၊ ဆရာ၊ ဆရာမတိုင်း၊ စာသင်နေတဲ့အချိန်တိုင်း မှာ အသေချာလေ့လာသင်ယူမှတ်သားခဲ့တယ်။
          ကျောင်းမှပေးလိုက်တဲ့ အိမ်စာတွေကိုလည်း အကြွေးမထားပဲ အပြီးစီးလုပ်တတ်တဲ့အကျင့်ကို အရင် ဆုံးလက်တွေ့အကောင်အထည်ဖော်ခဲ့တယ်။ ကျက်စရာအိမ်စာများကိုလည်း ဘာသာရပ်အလိုက် တသီး တခြား သူ့အချိန်နဲ့သူ ကန့်သတ်ပြီးကျက်ခဲ့တယ်။ ဥပမာ - မြန်မာစာကို ညနေ ၆ နာရီခွဲကနေ ၆ နာရီငါး ဆယ်အထိကျက်မယ်ဆိုရင် အဲဒီမိနစ်၂၀ အတောတွင်းမှာ အလွတ်ရအောင်ကျက်တယ်။ မရသေးရင် စာ ရွက်အပေါ်ချရေးတယ်။ အလွတ်ရအောင် ဆယ်မိနစ် ဒါမှမဟုတ် ဆယ့်ငါးမိနစ်လောက်ရေးလိုက်ရင် နှုတ် တိုက်ရော၊ အရေးပါအလွတ်ရသွားပြီဖြစ်တယ်။ ကျန်တဲ့ဘာသာရပ်တွေကိုလည်း ဒီအတိုင်းပဲလုပ်တယ်။ ဘာ သာရပ်တစ်ခုကို အချိန် နာရီဝက်လောက်ပေးတာတောင်များနေပြီ။ အချိန်များများပေးရင် ကျက်ချိန်များတဲ့ အတွက် စာကျက်ရတာပျင်းရိသွားတတ်တယ်။ တကယ်လို့ နာရီဝက်အတွင်းမှာအရေးရော၊ အဖတ်ပါ အလွတ်မရသေးရင် ဆက်မကျက်တော့ဘူး၊ အိပ်ယာဝင်လိုက်တော့တာပဲ။ အိပ်ယာ ထဲရောက်ရင် အာရုံ ထဲမှာ စောစောကကိုယ်အလွတ်မရသေးတဲ့ စာတွေကိုတစ်လုံးချင်းစီပြန် တွေးနေစမ်းကြည့်တယ်။ ပေါ်လာ တာလည်းရှိတယ်။ လုံးဝမပေါ်လာတာလည်းရှိတယ်။ ဒါဆို မနက်လေးနာရီးခွဲလောက် အိပ်ယာထပြီး ထမင်း အိုးတည်ရင်း စိတ်တည်ငြိမ်စွာကျက်လိုက် တာပဲ။ မနက်စောစောဟာ လူတွေရဲ့စိတ်နဲ့အာရုံကိုအထူးတည် ငြိမ်စေပါတယ်။ အဲဒီအချိန်မှာ စာကျက်ရင် အလွတ်ရမြန်တယ်။ စိတ်ထဲမှာလည်းအမြဲစွဲနေတော့တယ်။
          အိမ်စာတွေကိုပြီးစီးအောင်လုပ်သွားတဲ့၊ အိမ်စာတွေကိုအလွတ်ရအောင်ကျက်သွားတဲ့ ကျောင်းသူ ကျောင်းသားတစ်ယောက်ရဲ့ဘ၀ဟာ ပေါ့ပါးလွတ်လပ်ပြီး ပျော်ရွှင်မှုအပြည့်အ၀နဲ့ ကျောင်းကိုသွားနိုင်ခဲ့တယ်။ အဲဒီလိုနေ့တွေမှာဆိုရင် မနက်မိုးလင်းတာသိပ်နောက်ကျတယ်လို့ ခံစားမိခဲ့တယ်။ ကျောင်းကိုအမြန်ရောက် ချင်တဲ့စိတ်ဆန္ဒတွေက အလွန်ပြင်းပြနေခဲ့တယ်။ ကျောင်းရောက်ပြန်တော့လည်း ကျောင်းခေါ်ချိန်၊ ဘုရားရှိ ခိုးချိန်၊ အလံတော်အလေးပြုချိန်၊ အလံတော်သီချင်းဆိုချိန်တွေကို စိတ်မရှည်စွာနဲ့ကျော်ဖြတ်နေခဲ့ရတယ်။ အတန်းထဲဆရာ၊ ဆရာမ၀င်လာတာနဲ့ အိမ်စာကို ကိုယ်ကအရင်ဦးဆုံးပြသူဖြစ်ချင်နေခဲ့မိတယ်။ အဲဒီလိုဖြစ် ချင်တာဟာ တစ်ရက်စာအတွက်သာမဟုတ်ပဲ နေ့တိုင်း၊ ဘာသာရပ်တိုင်းရဲ့အချိန်တိုင်းအတွက် ဖြစ်ချင်ခဲ့ တာပါပဲ။ အတန်းထဲမှာ ကိုယ်ကအိမ်စာတွေကိုချောမွေ့စွာလုပ်နိုင်ခဲ့ခြင်း၊ သင်ခန်းစာ တိုင်းကိုအလွတ်ရ အောင်ကျက်နိုင်ခြင်းတို့ဟာ အလွန်ကြည်နူးစရာကောင်းတဲ့ ခံစားချက်တစ် ခုဖြစ်ခဲ့ပါတယ်။ အတန်းထဲမှာ မိမိကစာအတော်ဆုံးဖြစ်ရခြင်းကိုလည်း မိမိကိုယ်မိမိဂုဏ်ယူမိခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ကျောင်းနေ ရခြင်းအကြောင်းရင်းဟာ မိမိပညာတတ်ဖို့အတွက် ပင်ဖြစ်ပါတယ်။
          နေ့တိုင်းကျောင်းမှန်မှန်တက်တဲ့အလေ့အကျင့်ကို ကျောင်းစနေတဲ့အရွက်ကစပြီး လေ့ ကျင့်ခဲ့တယ်။ အစပိုင်းတုန်းကတော့ စာမကျက်နိုင်၊ အိမ်စာမလုပ်နိုင်တဲ့နေ့တွေဆိုရင် ကျောင်းပြေးချင်စိတ်ပေါက်ခဲ့ဖူး တယ်။ ဆရာ၊ ဆရာမတွေက ကျောင်းသူကျောင်းသားများကိုရိုက်ခွင့်ရှိ တဲ့ခေတ်မို့ စာမရလည်းအရိုက်ခံရ တယ်။ ကျောင်းပြေးလည်းအရိုက်ခံရတယ်။ အဲဒီတော့ အရိုက်ခံရချင်းအတူတူ ကျောင်းမပြေးပဲ၊ ကျောင်းမှန် မှန်တက်တာက ကိုယ့်အတွက်မြတ်သေး တယ်။ ကျမတို့ကျောင်းမှာ အတန်းတင်စာမေးပွဲဖြေတဲ့အခါ အထွေ ထွေအမှတ် (သို့) စာရိတ္တ အမှတ်တွေပေးတာရှိတယ်။ ဒါကြောင့် ကျောင်းမှန်မှန်တက်ခြင်းဟာ စာရိတ္တ ကောင်းခြင်းတစ် မျိုးပဲမဟုတ်လား။ ဒါပေမယ့် ကျောင်းလည်းမပြေးဘူး၊ စာလည်းတော်ရင် ပိုပြီးတော့မှ စာရိတ္တ ကောင်းမွန်တဲ့ ကျောင်းသူကျောင်းသားဖြစ်တာပေါ့။
          ဒါ့အပြင် ကျောင်းဝေယျဝစ္စတွေကို ကျောင်းပိတ်ရက်တွေမှာ၊ ကျောင်းချိန်နောက်ပိုင်းတွေမှာ သွား လုပ်ရတာလည်း သိပ်ပျော်ဖို့ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ မိမိတို့ကို ပညာတတ်အောင် သင်ကြား ပို့ချပေးတဲ့ကျောင်းဆရာ၊ ဆရာမများနဲ့ပိုမိုရင်းနှီးခွင့်ရသလို၊ သူငယ်ချင်းများနဲ့လည်း စည်းလုံးစွာကျောင်းရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းခွင့်ရခဲ့တယ်။ ကျောင်းဆရာ၊ ဆရာမဖြစ်ချင်သူတွေအတွက်ကတော့ ပို ကောင်းတာပေါ့။ ဆရာ၊ ဆရာမတစ်ယောက်အနေနဲ့ ကျောင်းနဲ့ပတ်သက်တာတွေ၊ ကျောင်းသူကျောင်းသား များနဲ့ပတ်သက်တာတွေကို အနီးကပ်လေ့လာခွင့်ရပြီး ဆရာအဖြစ်သင်တန်းတွေ ထွေထွေထူးထူး တက် စရာမလိုတော့ဘူး။ ကျောင်းသူကျောင်းသားဘ၀မှာ ကျောင်းပိတ်ရက်၊ ဒါမှမဟုတ် ကျောင်းချိန်နောက်ပိုင်း မှာ အုပ်စုအလိုက်အရပ်အ၀တ်အစားနဲ့ပြန်လည်ဆုံတွေ့ကြခြင်းဟာ စိတ်လှုပ်ရှားစရာသိပ်ကောင်းပါတယ်။ နေ့စဉ်နဲ့အမျှ ကျောင်းဝတ်စုံနဲ့တွေ့နေရတာ မျက်စိတ်ထဲရိုးနေတယ်။ အရပ်ဝတ်နဲ့တွေ့တော့ `ဟာ …. နင့် ကြည့်ရတာ အရပ်မြင့်လာသလိုပဲ´ လို့ဆိုလေ့ရှိခဲ့တယ်။ တချို့ကလည်း `နင် ပိန်သွားသလိုပဲ´။ တချို့ ကျပြန်တော့ `နင် လူကြီးဖြစ်လာတယ်နော်´ စသဖြင့် မျက်စိထဲ မှာအပြောင်းအလဲတစ်ခုခုဖြစ်နေတာ တွေ့ရတတ်တယ်။
          ကျောင်းသူကျောင်းသားဘ၀မှာ ဘာပဲလုပ်လုပ်၊ ဘယ်ပဲသွားသွား မျက်နှာပွင့်လင်း တယ်။ ရပ်မိရပ်ဖ တွေကလည်း မိမိတို့ကိုတလေးတစား ဦးစားပေးလေ့ရှိတယ်။ ကျောင်းသူ ကျောင်းသားတွေအတွက် နေရာ အထူးပေးတတ်ကြတယ်။ အခြားရွာတွေကို ကျောင်းသားပွဲ တော်အတွက်ဖြစ်စေ၊ စာမေးပွဲသွားဖြေတာဖြစ် စေ၊ ကျောင်းသွားတက်တာဖြစ်စေ၊ အလှူခံသွားတာဖြစ်စေ ရွာတွေကမိမိတို့ကိုလှိုက်လှိုက် လှဲလှဲကြိုဆိုလေ့ ရှိခဲ့တယ်။ လူတွေက မိမိတို့ ကိုစိတ်ဝင်တစားအာရုံထားကြည့်ကြတာကိုပဲ ရင်ထဲမှာပီတိဖြစ်လို့ မဆုံးဖြစ်ခဲ့ ရတယ်။ ပြီးတော့ ရပ်ကျိုးရွာကျိုးဖြစ်တဲ့ ဘုန်းကြီးကျောင်းဝေယျဝစ္စ၊ ဆေးရုံအတွက်လုပ်အားပေး၊ အသုဘပို့ ဆောင်ရေး စတဲ့အရာကိစ္စတိုင်းမှာ ကျောင်းသူကျောင်းသားတွေအုပ်စုလိုက်ဖွဲ့ကာ၊ ဒါမှမဟုတ် မိမိတို့ ကျောင်းကဖွဲ့စည်းပေးထားတဲ့ ဥပမာ - ဘုရင့်နောင်၊ ကျန်စစ်သား စတဲ့အသင်းအဖွဲ့ အလိုက်ဖြစ်စေ စည်းလုံး ညီညွတ်စွာလိုက်လုပ်ပေးရတဲ့အခါ သိပ်ပျော်ရွှင်ကြည်နူးစရာကောင်း တဲ့ဘ၀ပါပဲ။
          ဒါကြောင့်မို့ ကျောင်းသူကျောင်းသားတို့ရဲ့ဘ၀ဟာ တခါတလေသိမ်မွေ့ခြင်းနဲ့ကြုံရ တတ်သော်လည်း၊ တခါတလေကျတော့ကြမ်းတမ်းခြင်းနဲ့ကြုံတွေ့တတ်ကြပါတယ်။ သို့သော် အဲဒီသိမ်မွေ့ခြင်း၊ ကြမ်းတမ်းခြင်းတို့ ဟာ မိမိတို့ရဲ့ဘ၀အစကိုအဖိုးတန်တဲ့သင်ခန်းစာတွေပေး လိုက်ခြင်းဖြစ်ပါတယ်။ နောက်ပြီးတော့ အဲလောက် သိမ်မွေ့ခြင်းဟာ အရွယ်ရောက်ပြီးသားလူ လတ်၊ လူကြီးတို့ဘ၀အတွက်ပြန်မရနိုင်တော့ပါဘူး။ နောက်ပြီး တော့ အဲဒီလောက်လေးကြမ်း တမ်းခြင်းဟာ အရွယ်ရောက်ပြီးသား လူလတ်၊ လူကြီးဘ၀ကိုရောက်တာနဲ့ ကြုံတွေ့ရတဲ့ကြမ်း တမ်းခြင်းနဲ့စာရင် အိမ်နေပြီးစာထိုင်ဖတ်နေသလောက်ပဲ လို့ယူဆလို့ရပါတယ်။ မိမိတို့ ဘ၀တစ် ခုလုံးအတွက် တန်ဖိုးမဖြတ်နိုင်အောင်ရရှိခဲ့တဲ့အသိပညာ၊ အတတ်ပညာတို့သည် မိမိတို့အရွယ် ရောက်လို့ လုပ်ငန်းခွင်ရောက်တဲ့အခါကျရင် အဆပေါင်းများစွာအကျိုးကျေးဇူးအထောက်အကူ ပြုစေပါ တယ်။ အသိပညာ၊ အတတ်ပညာတို့ကြောင့် သူတပါးအထင်သေးခြင်း၊ နှိမ်ခြင်း၊ ဖိနှိပ်ခြင်း၊ အန္တာရာယ်ပြု ခြင်းမှ လွတ်မြောက်မှာဖြစ်ပါတယ်။ ကိုယ့်ဘ၀ကိုလည်းအေးချမ်းတည်ငြိမ် စွာ၊ ရိုးသားဖြောင့်မတ်စွာတည် ဆောက်ရှင်သန်သွားနိုင်မှာဖြစ်ပါတယ်။
အနာဂါတ်ကမ္ဘာ ပျော်ရွှင်ချမ်းသာဖို့
တို့မျိုးဆက်သစ်များ ကြိုးစားကြစို့

လေးစားလျက်
02/04/2010
         
         

Tuesday, September 14, 2010

Emerald Resort - Khao Lak

ပင်လယ်ကမ်းခြေတခုက တည်းခိုခန်းလေးတခုပါ။

with regards,
Ei Ei Chaw


Wednesday, September 8, 2010

သုညမှ ပြန်စမယ်

ဘ၀က ၁ မှ ၁၀ .. ၁၀၀ .. ၁၀၀၀ ရယ်လို့တက်သွားတာမျိုးမဟုတ်ပဲ၊ အမြဲလိုလို သုည (၀) ကနေ ပြန်ပြန် စနေရ တယ်။ အဲဒီလိုပြန်ပြန်စရတဲ့အဖြစ်ကတော့ အိမ်ခဏခဏပြောင်းရခြင်းကြောင့်ပါပဲ။ တစ်နေရာမှာ ၁ နှစ်ကျော် ကျော်လောက်နေပြီး နေသားကျသွားပြီးဆိုတာနဲ့ နောက်နေရာအသစ်တစ်ခုကို ပြောင်းရပြန် ရော။ အဲဒီအခါ ကျတော့ ရင်းနှီးပြီးသား ပတ်ဝန်းကျင်၊ ပစ္စည်းဥစ္စာ နဲ့ လူတွေကို တခါခွဲခွာရပြန်တယ်။ ပြီး တော့ နေရာအသစ်မှာ ပတ်ဝန်းကျင်၊ ပစ္စည်းဥစ္စာ နဲ့ လူတွေကို အစကနေရင်းနှီးမှုရအောင် တဖန်ပြန်ပြီး တည်ဆောက်ရတယ်။ 

ဒီလိုနဲ့ပဲ နေရာတစ်ခုမှာ ၁ နှစ်လောက်နေလိုက်၊ နောက်နေရာအသစ်တခုဆီကိုပြောင်း၊ နေရာအသစ်မှာ လည်း ၁ နှစ်၊ ၂ နှစ်လောက်နေလိုက်၊ နောက်တခါထပ်ပြောင်းလိုက်၊ ပစ္စည်းလေးတွေစုဆောင်းထားလိုက်၊ ရွှေ့ရင်း ပြောင်းရင်းနဲ့ တချို့တ၀က်လျော့သွားလိုက်၊ ပြန်ဝယ်လိုက်၊ ပြန်လျော့သွားလိုက်နဲ့ သံသရာတွေလည် နေပါတယ်။

အခုလည်း ထပ်ပြောင်းရအုံးမယ်။ သုညကနေပြန်စရအုံးမယ်။