Showing posts with label မူပိုင်ဆောင်းပါး. Show all posts
Showing posts with label မူပိုင်ဆောင်းပါး. Show all posts

Saturday, July 24, 2010

အောက်မေ့ဖွယ်

          ၁၉၉၅ ခုနှစ်တုန်းက အဖြစ်အပျက်လေးတစ်ခုကို သတိရမိတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ် တာကာလ တုန်းကလို့ဆိုရင် ပိုမှန်ပါလိမ့်မယ် … ဘ၀ရဲ့ပထမဆုံးနဲ့ တစ်ကြိမ်တခါတွေ့ကြုံခဲ့ ရတဲ့အဖြစ်အပျက်ပေါ့။ ပြန်လည်ပြောပြရင်တော့ အတိတ်ကအကြောင်းမို့ခက်ပေါ့ပေါ့ဖြစ်သွား ခဲ့ပါပြီ။ တကယ်ကြုံတွေ့ခဲ့ရတဲ့အချိန် တုန်းက အလွန်ထိတ်လန့်ပြီး ဘာလုပ်လို့ဘာကိုင်ရမှန်း မသိ ဖြစ်ခဲ့မိပါတယ်။


          ၁၉၉၄ ခုနှစ်မှာ ကျမနဲ့အတူ မိသားစုတစ်စုလုံး ထိုင်း-မြန်မာနယ်စပ် မွန်ဒုက္ခသည် စခန်းတစ်ခုကို ရောက်လာခဲ့ကြတယ်။ ကျမကတော့ အဲဒီတုန်းက အသက် ၁၁ နှစ်ပဲရှိသေး တယ်။ တခါမှ မမြင်ဖူးမတွေ့ဖူးတဲ့ မြန်မာပြည်ရဲ့ဟိုးရှေးရှေးတုန်းက ကျေးရွာငယ်ကလေးတွေ လို တဲအိမ်ကလေးတွေဆောက်ပြီးနေထိုင်ကြရတဲ့ ဆင်းရဲသားလူတန်းစားတစ်စုပေါ့။


          ဒါပေမယ့် အဲဒီလူတန်းစားတစ်စုဟာ ဒုက္ခသည်စခန်း ဆိုတဲ့အရပ်ဌာနမှာ သာမန်ရွာ သူရွာသားများ လို စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့မနေနိုင်ခဲ့ကြတာ ကျမအတွက် မျက် မြင်သက်သေဖြစ်ခဲ့ပါ တယ်။ ရွာရဲ့တည်ဆောက်ပုံ ပုံသဏ္ဍာန်ခြင်းတူကြပေမယ့်လည်း အကြောင်းရင်း နဲ့ အဖြစ်အပျက်တွေကတော့ တခြားစီပါပဲ။ အဲဒီကာလတုံးက စခန်းကလူတွေ ရဲ့ရင်ထဲမှာ ကြောက်ရွံ့ခြင်း၊ စိုးရိမ်ခြင်း၊ ပူပန်ခြင်းတွေပြည့် ကြပ်နေခဲ့ကြပါတယ်။


          ကျမတို့မိသားစုတစ်စုလုံး စခန်းကိုရောက်သွားတဲ့အချိန်မှာ မိုးရာသီကုန်လုဆဲဆဲလေး ဖြစ်နေပြီ။ ဒါကြောင့်မို့ စခန်းရဲ့ပတ်ဝန်းကျင်တစ်ခုလုံးဟာ စိမ်းလန်းစိုပြေနေခဲ့တယ်။ အရာအား လုံးကလည်း အသစ်တွေ ပဲဖြစ်နေဆဲမို့ တစ်ခုခုတော့ ထူးခြားနေပုံပဲလို့တွေးမိခဲ့တယ်။ တစ်ရွာ လုံးက ညနေမီးထွန်း … မိုးချုပ်မီးငြိမ်း လုပ်လေ့ရှိကြတယ်။ မီးညိမ်းတာနဲ့အားလုံးဟာ တိတ် ဆိတ်ငြိမ်သက်သွားတာပဲ။ ကလေးငိုသံတောင်မကြားရ အောင် တိတ်ဆိတ်လွန်းတယ်။


          အကြောင်းကတော့ ကျမတို့မရောက်ခင်သိပ်မကြာသေးခင်ကာလက ဒီစခန်းတည်ခါ စ (အချိန်အတိ အကျတော့မမှတ်မိတော့ဘူး) မွန်ပြည်သစ်ပါတီနဲ့ နအဖစစ်အစိုးရတို့အပစ်ခတ် ရပ်စဲရေးမလုပ်သေးခင် ကာလမှာ တိုက်ပွဲကြီးကြီးကျယ်ကျယ်ဖြစ်ပြီး စခန်းကို နအဖစစ် တပ်က မီးဝင်ရှို့ ခဲ့တယ်။ အဲဒီအချိန်မှာ ရွာလုံး ကျွတ် ထိုင်းနယ်နိမိတ်ထဲကို ၀င်ပြေးခဲ့ကြရတာ ပါ၊ ပြီးတော့ သူတို့ရဲ့အသစ်ကစတည်ထားရတဲ့အိုးအိမ်တွေ ကို ထပ်မံစွန့်လွှတ်ခဲ့ကြရပြန်တယ်။ ပိုဆိုးတာက မိုးရာသီလည်းဖြစ်နေခဲ့တော့ အလွန်အမင်းဒုက္ခရောက် ခဲ့ကြတဲ့ ဒုက္ခသည်များရဲ့ ဘ၀ကို ကျမကောင်းကောင်းနားလည်ခဲ့ပါတယ်။ ကျမတို့ရောက်ခါစတုန်းက စခန်းမီး ရှို့ခံခဲ့ရ တုန်းက ခိုးရိုက်ထားတဲ့ ဓါတ်ပုံနဲ့ပိုစတာတချို့ ကိုတောင်တွေ့ခွင့်ရပါသေးတယ်။


          တချို့ ကလေးတွေဆိုရင် အသက်ထက်အတွေ့အကြုံကပိုများကြတယ်။ သူတို့ငယ်စဉ် ကလေးဘ၀ ကတည်းက ရွာမှာစစ်တပ်က၀င်အနှောင့်အယှက်ပေးလို့ ရွာကိုစွန့်ပြီး နီးစပ်ရာဖြစ် တဲ့ နယ်စပ်ဒေသ ကိုရောက်လာကြတယ်။ နယ်စပ်ကစခန်းတွေကိုပါ စစ်တပ်လိုက်လံပြီး မျိုးစုံ တဲ့ဒုက္ခတွေလိုက်ပေးခဲ့တယ်။ သူတို့ဘ၀ဟာ နေ့စဉ်နဲ့အမျှကြောက်ရွံ့ခြင်းတွေနဲ့ပြည့်နှက်နေခဲ့ ကြတယ်။ ထူးဆန်းတဲ့အသံ၊ မကြားဖူးတဲ့ အသံတွေကြားရင်ဖြစ်စေ၊ မမြင်ဖူးတဲ့အရာ၊ မမြင်ဖူး တဲ့လူတွေကိုတွေ့ရင် ပြေးဖို့ပြင်ကြတာပဲ။ အဲဒီအခြေ အနေတွေကို ကျမတို့ကဘယ်တုန်းအခါ ကမှမတွေ့ဖူး၊ မကြုံဖူးတော့ စောစောပိုင်းကတော့ မသိခဲ့ကြဘူး။ ဒီကကလေးတွေသိပ်တော ကျတာပဲလို့တောင် လှောင်ပြောင်တတ်သေးတယ်။


          တနေ့မှာ ၁၉၉၅ ခုနှစ်၊ နှစ်ဦးပိုင်းမှာ ကျမကနွေရာသီ အသုံးလုံးကျောင်းတက်နေချိန်၊ အဲဒီနေ့မှာ ကျမ ကထမီသိပ်ဝတ်ချင်လွန်းလို့ အမေ့ထမီးအဟောင်းလေးကိုတပိုင်းဖြတ်ပြီး ကျမ နဲ့တော်လောက်တဲ့အနေထား ကိုဝတ်ပြီး ကျောင်းသွားတယ်။ ငယ်လည်းငယ်သေး၊ ထမီလည်း မ၀တ်တတ်ဘူးဆိုတော့ ကို့ယို့ကားယား တော့ဖြစ်ခဲ့တယ်။ စာမတတ်သေးတဲ့သူမို့ သင်ခန်းစာ တွေမလိုက်နိုင်လို့ စိတ်ပျက်လက်ပျက်ဖြစ်နေတုန်း ထူးခြားတဲ့အသံတခုကြားလိုက်မိတယ်။


          အဲဒီအသံကို ကျမကိုယ်တိုင်ကဇဝေဇ၀ါဖြစ်နေမိတယ်။ အမှုမဲ့အမှတ်မဲ့ပြီး သိပ်သတိ မထားမိလိုက်ဘူး။ နောက်ထပ် နှစ်ချက် သုံးချက်ထပ်ကြားရတော့ တကျောင်းလုံးထဲကလူတွေ ထအော်ပြီး ပြေးဆင်းကြတယ်။ အူကြောင်ကြောင်ဖြစ်နေတဲ့ကျမကိုကျတော့ အိမ်နားကအစ်မ တစ်ယောက်က ကျမရဲ့စာအုပ်နဲ့လွယ်အိတ် ကိုကောက်ယူပြီး ကျမလက်ကိုဆွဲပြေးတော့တာပဲ။ `ဘာဖြစ်တာလဲအစ်မ´ မေးတော့ `တိုက်ပွဲဖြစ်နေတယ် .. အမြန်ပြေးမှ´ ဆိုပြီးအိမ်ရှိရာ ဗုံးသံ များနေတဲ့အရပ်ဘက်ကို ဦးတည်ပြေးကြတယ်။ `ဘာဖြစ်လို့ ဗုံးသံကြားတဲ့ နေရာကိုပြေးတာလဲ .. သူများတွေအပေါ်ကို (ထိုင်းနယ်နိမိတ်) ပြေးနေကြတာလေ´။ `နင်က အိမ်ကလူတွေကို မ ခေါ်တော့ဘူးလား .. လာမြန်မြန်ပြေးစကားမများနဲ့´ ဆိုလို့ ထမီစတဆွဲဆွဲနဲ့ လွယ်အိတ်နဲ့ စာအုပ်တွေ လည်း လွင့်ပျံ့ လို့ ဘာမှမလုပ်နိုင်တော့ပဲ စိတ်အိုက်သွားတော့တာပဲ။


          တချိန်တည်းမှာ အဖေ၊အမေနဲ့မောင်နှမသုံးလေးယောက်က အဲဒီဗုံးသံတွေဆူညံနေတဲ့ အရပ်မှာရှိနေ ကြတယ်။ သူတို့က အောက်စခန်း (ဗလိုင်ဒုံဖိုက်ရွာ)မှာ ၀ါးခွဲနေကြတယ်။ အပေါ် စခန်း (ခလောက်ခနီရွာ)နဲ့ ၈ - ၉ ကီလိုမီတာလောက်ဝေးတယ်။ ကား၊ ဆိုင်ကယ်မရှိတဲ့အရပ် မို့ လမ်းလျှောက်ကြတာ ပုံသေခရီးတစ်ခု ဖြစ်နေတယ်။ ပြီးတော့ ဒိထက်ပိုဝေးတဲ့ ဟိုးအောက် ဆုံးစခန်းကတော့ (ထီးဖာဒိုးရွာ) ကျတော့ ၁၄ - ၁၅ ကီလို မီတာလောက်တောင်ဝေးသေးတာမို့ အဲဒီကရွာသူရွာသားတွေဆိုရင် ဘယ်လိုလုပ်ပြီး ထိုင်းနယ်နိမိတ်ဆီကို အမြန်ရောက်အောင် ပြေးကြမလဲဆိုတဲ့အတွေးကြောင့် ခြေမသယ်နိုင်၊ လက်မသယ်နိုင်ပြီး မေ့လဲမတတ် ဆို့နစ်မိခဲ့ တယ်။


          အိမ်ရောက်တာနဲ့ရောက်ချင်း ဘာလုပ်ရမှန်းမသိလို့ အ၀တ်စုတ်တွေကို ကျောပိုးအိတ် တစ်လုံးထဲကို သိပ်ထည့်ပြီး ညီမငယ်တစ်ယောက်ကိုပေးပိုး၊ မောင်လေးအငယ်ဆုံးကိုကျမက ကျောပိုး၊ ကျန်တဲ့အစုတ် ပလုတ်တွေကိုတော့ နီးစပ်ရာကောက်ယူပြီး ရတဲ့အိတ်ထဲသိပ်ထည့်ပြီး တစ်ယောက်ကိုတစ်နိုင်တစ်ပိုင်စီ လွယ်ပိုးပြီး အိမ်ကနေသူများပြေးနေကြတဲ့ ထိုင်းနယ်နိမိတ် ထဲကို ပြေးဝင်သွားကြတယ်။ ပြေးနေတဲ့လမ်း တလျှောက်မှာ တွေ့သမျှလူအို၊ လူနာ၊ ကလေး မကျန် တငိုငို၊ တရယ်ရယ်နဲ့ စိတ်ပျက်စရာများနဲ့ မောပန်းစွာ ပြေးခဲ့ကြရတယ်။


          ကျမတို့အိမ်နီးချင်းဖြစ်တဲ့ ဆွေမျိုးဆိုလည်းမမှားဘူး၊ သူ့သားကရောဂါကြီးဖြစ်ပြီး မလှုပ် နိုင်၊ မရှားနိုင်နဲ့ အမေဖြစ်သူကလည်း ၀တာလုံးနေရောပဲ။ အဲဒါကိုလည်း ၀ိုင်းကူဖေးမပေးရင်း၊ အိမ်ဘေးက ကလေးသေး သေးနဲ့ပြေးနေတဲ့အစ်မကြီးကလည်း အထုပ်အပိုးတွေတပုံကြီးနဲ့ အဲ ဒါကိုလည်း ၀ိုင်းသယ်ပေးရင်း။ သက်ကြီး ရွယ်အိုတွေကိုလည်း တောင်ထိပ်ရောက်အောင် တစ် ယောက်ပြီးတစ်ယောက် ဖြည်းဖြည်းချင်းဆွဲတင်ရ သေးနဲ့ တချိန်တည်းမှာပဲ ဗုံးသံ၊ သေနတ်သံ တွေကလည်း အတော်လေးကျယ်လောင်လာသလိုပဲ ခံစားရ တယ်။ မိဘနဲ့မောင်နှမတွေကို လည်း စိတ်ပူလိုက်ရတာ အရူးတပိုင်းပဲ။


          စခန်းအပေါ်ပိုင်းပြေးတက်ကြပြီး တောင်နှစ်လုံးကျော်ပြီးတာနဲ့ ထိုင်းနယ်နိမိတ်ကိုဝင် ရောက်လာ ကြတယ်။ ထိုင်းစစ်တပ်ရဲ့တည်ရှိရာ ဟိုတုန်းက ကျေးရွာသာသာလေးဖြစ်တဲ့နေရာ ကိုရောက်တော့ ဘုန်းကြီး ကျောင်းကိုတွေ့ပြီ။ တစ်စခန်းလုံးကပြေးလာကြတဲ့ လူအားလုံးဟာ အဲဒီဘုန်းကြီးကျောင်းအောက်မှာ အပြည့် ပဲ၊ ဘုန်းကြီးကျောင်းပတ်ဝန်းကျင်တခုလုံးမှာလည်း ပြည့်နေတာပဲ။ ထိုင်းစစ်တပ်ကလည်း အကာအကွယ်ပေး ပါတယ်။


          ဘုန်းကြီးကျောင်းဝင်းထဲမှာရှိနေကြတဲ့လူတွေအားလုံးဟာ တိုးတိတ်စွာငိုကြွေးနေကြပြီး မိမိတို့မိသား စုထဲက တစ်ယောက်ယောက်ကိုစိုးရိမ်နေကြခြင်းဖြစ်ပါတယ်။ ထို့အတူကျမတို့ ညီ အစ်မတွေကလည်း စော စောပိုင်းကဘာတွေဖြစ်ခဲ့ပြီး အခုဘာတွေဖြစ်နေတယ်ဆိုတာ နားမ လည်သလိုပဲ။ အရင်တုန်းကလိုမျိုး နအဖ စစ်တပ်က စခန်းကိုမီးရှို့ ဖျက်ဆီးပြီး လူတွေကိုပါပစ် သတ်သွားမှာလည်း သိပ်စိုးရိမ်မိတယ်။


          ညနေ ၅ နာရီလောက်ကျတော့ အဖေအမေနဲ့မောင်နှမတွေပေါ်လာကြတယ်။ အမေက မီးဖိုချောင် ပစ္စည်းတွေပိုးပြီး၊ မောင်နှမတွေက အိပ်ယာတွေ၊ ရေပုံးတွေသယ်လာကြပြီး၊ အဖေ ကတော့ ဆန်တစ်အိတ် ထမ်းပြီးလာတယ်။ ကျမတို့က တဖြည်းဖြည်းလာနေကြတဲ့ လူတွေ ကိုဆီးကြိုနေတာဆိုတော့ ကိုယ့်မိဘတွေ လာတာတွေ့တာနဲ့ သွားဆီးလို့ကြိုပြီး မျက်ရည်ဝဲလို့။ အဖေက ကျမတို့ကိုတွေ့ တာနဲ့ စိတ်ပူဇောနဲ့ဆူတော့ တာပဲ။ `ဘာဖြစ်လို့ ဒီလောက်ထိ ပြေး ကြရသလဲ။ သူများပြေးသလို လိုက်ပြေးလို့ရသလား၊ အားလုံးသေကုန် မယ်၊ အခုကြည့်စမ်း ပြေးတော့လည်း အရေးကြီးတဲ့ အဓိကပစ္စည်းတွေမယူပဲနဲ့ ဒုက္ခရောက်တယ်ဆိုနေမှ ထမင်း ငတ်ချင်လို့လား´ စသဖြင့်အမော ပန်းတကြီးနဲ့ မနားတမ်းဆူလိုက်တာ။ `သမီးတို့လည်း ကြောက် ကြောက်လန့်လန့်နဲ့ ဘာလုပ်ရမှန်းမသိဖြစ်သွားလို့ပါ´ လို့ရှင်းပြတဲ့အခါ အဖေက `ငါ တို့ဆို ဗုံးလာပေါက်တဲ့ နေရာမှာတောင်´ စကားမပြီးလိုက်ဘူး။


          ကျမတို့မိဘမောင်နှမတွေရောက်ပြီး ခဏအနားယူနေချိန်မှာပဲ ညနေ ၆ နာရီလောက် ကျတော့ `အား လုံးစခန်းကိုပြန်လို့ရပြီ  .. အားလုံးအေးဆေးသွားပြီ .. စိတ်ချရပြီဆိုတာသေ ချာပြီ .. လာပါ .. သွားကြမယ်´ ဆိုပြီး စခန်းဥက္ကဌနဲ့ မွန်စစ်သားများကလိုက်ကြေငြာတဲ့အခါ ရွာသားအားလုံးကလည်း မိမိတို့သယ်ယူလာတဲ့ ပစ္စည်းပစ္စယျများကိုပြန်လည်သယ်ပိုးပြီး စခန်း ကိုပြန်လာခဲ့ကြတယ်။ အိမ်ပြန်ရောက်တော့ အချိန်ကနောက် ကျနေပြီမိုး အမြန်ချက်ပြုတ်စား သောက်ပြီး တစ်ရွာလုံးတိတ်ဆိတ်ငြိမ်သက်ခြင်းနဲ့ အိပ်စက်ခဲ့ရတယ်။


          အဲဒီအချိန်စပြီး စခန်းကလူတွေဘာကြောင့် အမြဲထိတ်လန့်နေကြရသလဲဆိုတာ ကျမ နားလည်လာခဲ့ တယ်။ ၁၉၉၅ ခုနှစ်နောက်ပိုင်းမှာ အခြေအနေနည်းနည်းအေးသွားခဲ့ပါတယ်။ ပြေးရလွှားရတဲ့အလုပ်သိပ် မလုပ်ရတော့ဘူး။ အခြေနေကြည့်ပြီး သတင်းလေသံနားစွင့်နေရုံပဲ၊ တခါတလေပွဲလန့်တာမျိုးတော့ရှိခဲ့ပါ တယ်၊ ရွာထဲကိုသူစိမ်းတွေအုပ်စုလိုက်ရောက်လာတတ် တာတို့၊ ညဘက်တွေမှာ ဓါတ်မီးနဲ့လူတွေရောက်လာ တာတို့ဖြစ်ပါတယ်။ အဲဒါကလည်း အခြား တော့မဟုတ်ဘူး ….. ကိုယ့်ရွာကလူတွေ၊ ပြီတော့မြန်မာပြည် ဘက်ခြမ်းက အခြေနေအမျိုးမျိုး ကြောင့် ရှောင်တိမ်းထွက်ပြေးလာသူတွေဖြစ်ပါတယ်။


          အဖြစ်ပျက်က ဆယ်နှစ်ကျော်တောင်ကြာခဲ့ပြီဆိုပေမယ့် ကျမစိတ်ထဲမှာမနေ့တနေ့က လိုပဲ။



Sunday, June 13, 2010

စူနာမိ

၆ လပိုင်း၊ ၁၂ ရက်နေ့တနေ့လုံး ထိုင်းနိုင်ငံတောင်ပိုင်း ပင်လယ်ကမ်းခြေဒေသမှာရှိတဲ့ မြို့သူမြို့သား၊ ရွာသူရွာ သားများ (မြန်မာနိုင်ငံသားများအပါအ၀င်) စူနာမိဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့သတင်းကြောင့် အားလုံးတုန်လှုပ် ခြောက်ခြားခဲ့ကြရတယ်။ ဒေသခံထိုင်းလူမျိုးတွေကတော့ ကားပိုင်၊ ဆိုင်ကယ်ပိုင်တွေရှိကြတဲ့အခါကျတော့ သိပ်စိုးရိမ်စရာမရှိဘူး။ ဒါပေမယ့် မြန်မာနိုင်ငံသားများဖြစ်ကြတဲ့ ကျမတို့အုပ်စုကတော့ ကမ်းခြေနဲ့အလွန် နီးတဲ့နေရာနေပြီး တကယ်လို့များလှိုင်တက်လာရင် ရုတ်တရက်ပြေးစရာ ကားမရှိ၊ ဆိုင်ကယ်မရှိနဲ့ သိပ်ဒုက္ခ ရောက်မှာပဲ။ 

ဒါ့အပြင် အသက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ မီးနေသည်များ၊ ရောဂါသည်များ၊ မသန်မစွမ်းသူများ အတွက်လည်း အထူးစိုးရိမ်ခဲ့ရပါတယ်။ အဲဒီနေ့တနေ့လုံး ရင်တထိတ်ထိတ်နဲ့ အရာအားလုံးကို ကြိုတင်ပြင် ဆင်ထားခဲ့ရတယ်။ ပိုဆိုးတာကတော့ ညဘက်ပဲဖြစ်ပါတယ်။ ညနေကတည်းက လူတွေအထုပ်အပိုးတွေပြင် ပြီး သတင်းလေသံနားစွင့်နေခဲ့ရတယ်။ ညဘက် ၈ နာရီ ၉ နာရီလောက်ရောက်တော့ သတင်းတွေအမျိုးမျိုး ပေါ်လာတဲ့အတွက်ကြောင့် လူတွေစိတ်မအေးချမ်းခဲ့ရဘူး။ တချို့ကလည်း တောင်ပေါ်တက်ပြေးကုန်ပြီ၊ တချို့ ကလည်း သေချာအောင်လေ့လာစုံစမ်းနေဆဲ၊ တချို့ကလည်း ဘုရားရှိခိုး၊ တရားနာ မေတ္တာပို့ စတာတွေ လုပ်နေကြတော့တာပဲ။

ဒီလိုနဲ့ တညလုံး သတင်းလေသံနားစွင့်ရင်း တစ်ယောက်ကိုတစ်ယောက်ဖုန်းဆက်အသိပေးရင်း ပင်လယ်ကြီး ဆီကိုမကြာခဏထထချောင်းရင်းနဲ့ပဲ မိုးလင်းသွားတယ်။ ကိုယ်လည်းတရေးမှမအိပ်လိုက်ရဘူး၊ တညလုံးလဲ အိပ်ပျော်ခါနီးဖုန်းသံမြည်လိုက်နဲ့ စိတ်အတော်လေးဆင်းရဲမိတယ်။ တဖက်ကလည်း စူနာမိ Alarm ပေးတဲ့စက် ကြီး ကိုယ့်အိမ်ခေါင်းရင်းမှာရှိတာပဲ ... အသံမြည်မှပြေးတာပေါ့လို့ ကိုယ့်ကိုယ်ကိုဖြေသိမ့်ခဲ့ရသေးတယ်။ ဒါပေ မယ့် တညလုံးကားတွေ၊ ဆိုင်ကယ်တွေကလည်း မရပ်မနားတမ်းပြေးနေတော့ အခြေအနေကို အထူးလေ့လာ တဲ့အနေနဲ့မအိပ်နိုင်ပဲဖြစ်ခဲ့ရတယ်။

တိုက်ဆိုင်မှုတခုကတော့ ၁၃ ရက်နေ့မနက်ကျတော့လည်း အသိတစ်ယောက်ရဲ့မင်္ဂလာဆောင်ပွဲကလည်းရှိ သေးတယ်။ သူတို့အတွက်လည်း စိုးရိမ်မိခဲ့တယ်၊ တကယ်လို့များ လှိုင်းတက်ရင် သူတို့မင်္ဂလာပွဲလေးဖျက်ရမှာ ပဲလို့။ စိုးရိမ်မှုများစွာနဲ့ သူတို့လည်း ဒီမင်္ဂလာပွဲကိုကျင်းပဖြစ်မြောက်အောင် ကျိုးစားခဲ့ရပါတယ်။ 

ဒီလိုနဲ့ တနေ့နဲ့တညဆိုတဲ့ စိုးရိမ်ပူပင်ခဲ့ရတဲ့ကာလကို ကျော်ဖြတ်လာခဲ့ပြီး မင်္ဂလာဧည့်ခံပွဲလေးကို စိတ်ချစွာ သွားရောက်ခဲ့ပါတယ်။ မနေ့ကစိုးရိမ်ခဲ့သမျှဟာ ဒီနေ့ကျတော့ အပေါင်းအသင်းတွေကြားရောက်တာနဲ့ တစ် ယောက်တစ်ပေါက်ပြောကြဆိုကြရင်းနဲ့ ရယ်စရာလေးတွေတောင်ဖြစ်သွားခဲ့ပါတယ်။


Saturday, September 5, 2009

တခါတုန်းက နေ့ရက်များ

သူငယ်ချင်းတို့ရယ် ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပါ။ သဘာဝကျပါတယ်၊ တို့မေမေအကြောင်းကို ဂုဏ်ပြုရေးသား တင်ပြထားပါတယ်။ ပြီးတော့ ခုခေတ်လူသားများဘ၀နဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ ကျော် ၃၀ နီးပါးလောက်က လူများရဲ့ ဘ၀အခြေအနေချင်း ကွာခြားပုံများကိုပါ တွေ့ကြမှာပါ။

အားလုံးကိုကျေးဇူးတင်ပါတယ်။
Ta Ka Tong Ka Nae Yat Myar
Image and video hosting by TinyPic

Friday, September 4, 2009

ရင်နွေးပန်းများ၏ခံစားချက်

လူသားများသည်အသက်ရှင်နေထိုင်နေသောကာလများတွင်ဘ၀ကိုဘယ်ကစ၍၊ ဘယ်လိုပျိုးထောင်ရမည်ကို အလေးအနက်ထား၍ စဉ်းစားကြလေ့ရှိသည်။ တချို့က ရော်ဘာခြစ် ကြ၏။တချို့ကလည်း အနုပညာသည် အလုပ်ကိုလုပ်ကြကုန်၏။ တချို့ ကတော့အင်ဂျင်နီယာ၊ မန်နေဂျာ၊ စာရေးစသော လုပ်ငန်းကိုင်ငန်းများကို မိမိတို့ အားသန်ရာ အားသန်ဘက် သို့သော် လည်းကောင်း စိတ်ဝင်စားမှုကြောင့်သော် လည်းကောင်း၊ ဘ၀ခြေအနေ အရသော်လည်းကောင်း နေ့စဉ်နှင့်အမျှ လုပ်ကိုင်နေ ကြရပါသည်။

တချို့သော လူလတ်တန်းစား(သို့) အထက်တန်းလာက လူတန်းစားများသည် အလုပ်အကိုင်နှင့် ပက်သက်၍ မိမိတို့ကြိုက်နှစ်သက်သော စိတ်ပါဝင်စားသော အလုပ်များ ကိုသာ ရွေးချယ်လုပ်ကိုင်ဖို့ ကြိုးစားကြသည်။ လူသားများသည် မိမိတို့ကြိုက်နှစ်သက်သော စိတ်ပါဝင်စားသော အားသန်သောအလုပ်တစ်ခုကို လုပ်ကိုင် လိုက် ရသဖြင့် များစွာပျော်ရွင်ခွင့် ရရှိကြပါသည်။ စိတ်ပျော်ရွင်မှုမကပဲ ကြည်နူးဖွယ်ရာလေးတွေ တောက်ပသာယာ သော ဘ၀လေးတွေဖြစ်လာကြပါသည်။

ပျော်ရွင်ကြည်နူးခြင်းသည် တစ်ခုခုနှင့်လဲ၍ မရသော စိတ်ခံစားချက်ပင်ဖြစ်သည်။ မိမိပြုလုပ်သောအလုပ်အကိုင် အကောင်အထည်ဖော်ဆောင်မှုများကြောင့် အောင်မြင်မှုများဖြစ်ပေါ်လာသောအခါတွင် များစွာကြည်နူးပီတိ ဖြစ်ကြပါသည်။ ဤကဲသို့ ခံစားချက် မျိုးသည် လူကြီး၊ လူလတ်၊ လူငယ်များ၌သာ မဟုတ်ပေ။ အသိဥာဏ်၊ အတက်ပညာများ မဖွံ့ဖြိုးသေးသော ကလေးငယ်များ၌လည်း ၎င်းခံစားချက်မျိုးရှိကြသည်။ အထူးသဖြင့် ပညာ သင်အရွယ်ကလေးများ (၇နှစ်မှ ၁၈နှစ်အထိ)ဖြစ်ကြသည်။ ယင်းရွယ်ကလေးများသည် ဦးနှောက်ပိုင်းဆိုင်ရာ ဖွံ့ ဖြိုးတိုးတက်ဆဲအရွယ်ကလေးဖြစ်ကြသည်။ အရာရာကိုသော်လည်း ကောင်း၊ အသစ်အဆန်းများကိုသော်လည်း ကောင်း၊ အထူးအဆန်းများကိုသော်လည်းကောင်း၊ လေ့လာစူးစမ်းကျင့်သုံးချင်ကြလေသည်။ ရရှိလာမည့် ရလဒ်များကို ခံစားချင်ကြလေသည်။ အောင်မြင်မှုဆိုသည့်အရာကိုစိတ်ဝင်စားကြလေသည်။ဒါတွေသည် တက်စ ကလေးငယ်များ၏ ဒသနစိတ်ပင်ဖြစ်သည်။

ကလေးဘ၀ကို တ၀က်ခန့်ကျော်ဖြတ်လာကြသော ကလေးငယ်များ (၁၁နှစ်မှ၁၅နှစ်) အရွယ်များသည် ၎င်းတို့၏ ဘ၀မှန်ကိုပုံမှန်မဟုတ်သော၊ ထူးခြားထူးဆန်းသစ်လွင်အောင် ပြုပြင်ချင်လာကြသည်။ ထိုအခါ ကလေးငယ်များ မှန်ကန်သောလမ်းကြောင်းများဘက်ကို ရွေးချယ်လျှောက်နိုင်ကြရန်အုပ်ထိန်းသူများတွင် အထူးတာဝန်ရှိပေ သည်။ ကလေးငယ်များအား အထူးဂရုစိုက်ဖို့လိုသည်၊တင်းအကြပ်ကိုင်ခြင်းလည်းမဟုတ်ဘဲ၊ အရမ်းလွတ်လပ် ခြင်းမျိုးလည်း ဖြစ်စေရန်သတိထားရမည်ဖြစ်သည်။ ဘာကြောင့်လဲဆိုသော်ထိုအချိန်သည် ကလေးငယ်များ အတွက်လမ်းကြောင်းနှစ်ကြောင်းကွဲလွဲ သွားနိုင်ခြင်းကြောင့် ပင်ဖြစ်သည်။

လွတ်လပ်မှုကို အတိုင်းအတာတစ်ခုထက်ပိုအောင် ရရှိလာသောကဘေးတစ်ဦးနှင့် စည်းကမ်းဘောင်ခွင်ထဲ တွင်ကြီးပြင်းလာရသော ကလေးတစ်ဦး စသည်ဖြစ်သောကလေးနှစ်ဦး ၏ဘ၀သည် အကျင့်စရိုက်၊ ဥာဏ်ပညာ၊ လူမူရေး၊အပြောအဆို၊ အတွေးအခေါ်၊စသောအရာတွေ ဒုနဲ့ ဒေးကွဲပြားနေနိုင်သည်။ လူထုအကျိုးစီးပွားကိုလည်း များစွာအကောင်းကျိုးပြုနိုင်သလို၊ အဆိုကျိုးပါများစွာပြုနိုင်သည်။ကလေးငယ်တစ်ဦးသည်လွတ်လပ်မှုတစ်ခုကို အတိုင်းအတာ တစ်ခုအထိသာရယူခွင့်ရှိသည်။ အလွန်အကျွံရယူတက်သောလွတ်လပ်မှုများသည် ထိုကလေး တစ်ဦး၏အနာဂတ်ဘ၀အတွက်အညွန့်တုံးစေနိုင်သည်။ လူမူရေးနယ်ပယ်တွင်လည်း ၀င်ဆန့်တော့မည်မဟုတ် တော့ပါ။ ကလေးငယ်တစ်ဦး၏ ဘ၀အလင်းရောင်အပြည့်အ၀ ရှိဖို့ရန်အတွက်အုပ်ထိန်းသူများဖြစ်ကြသော မိဘ၊ မောင်နှမ၊ဆွေမျိုးသားချင်း၊ဆရာ၊ဆရာမများ၌ များစွာမှုတည်နေ၏။

ပျော်ရွင်မှုဆိုသောခံစားချက်ကို လူတိုင်းထာဝရခံစားဖို့ အခွင့်အရေးမရကြပေ။ သို့သော် တစ်ရက်လျှင် ၁၂ နာရီ (သို့) အနည်းဆုံး ၆နာရီ ခန့်ပျော်ရွင်မှုကို ခံစားခွင့်ရလျှင် လုံလောက်ပါ၏။ အသက်အရွယ်ရောက်ပြီးဖြစ်သော လူတစ်ယောက်သည် ထိုမျှသော နာရီပေါင်းများစွာကို ပျော်ရွင်နေနိုင်လိမ့်မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆို သော် လုပ်ငန်းကိစ္စကြောင့်သော်လည်းကောင်း၊ လူမှုကိစ္စအ၀၀များအား စိုးရိမ်ပူပန်ခြင်းများကြောင့် သော်လည်း ကောင်း ပျော်ရွင်မှုဆိုသောအရသာကို အာရုံပြုမိကြမည်အဟုတ်ပေ။ တစ်ခါတစ်ရံ ၌သာဖန်တီးနိုင်စွမ်းရှိကကြ သည်။ ခံစားနိုင်စွမ်းရှိကြသည်၊ ရင်တွင်းခံစားချက်မဟုတ်လျှင်တောင် ဟန်ဆောင်၍ ရသောအစွမ်းအားများရှိ ကြသည်။

ခက်သည်မှာ ကလေးငယ်များသည် ဟန်ဆောင်မှုကင်းကြသည်။ အရာရာကို မိမိတို့၏စိတ်ရင်းအား အရင်းခံကြ လေသည်။ စိတ်ရင်းခံ၍ ဖြစ်ပေါ်လာသော ခံစားချက်များသည် ကလေးငယ်များအတွက် လွတ်လပ်ပျော်ရွင်ဖွယ် ကောင်းလှပါသည်။ စားချင်လျှင် ကောက်စားတက်သည်၊ အိပ်ချင်လျှင် တွေ့ရာနေရာတွင် အိပ်ချပစ်လိုက်တက် သည်။ ကြောက်စရာကောင်းသော နေရာသို့ရောက်သောအခါ မိမိကြောက်ရွံ့ကြောင်း ခံစားတင်ပြသည်။ ၎င်းတို့ သည်ကလေးတို့ ဟန်မဆောင်တတ်ကြောင်း ပြသခြင်းဖြစ်လေသည်။ ထို့ပြင် ကလေးငယ်တစ်ဦး အကျင့်စာရိတ္တ ကောင်းမွန်စေရန်အတွက် ငယ်ငယ်ကတည်းက မိဘတို့၏ ထိန်းကျောင်းလမ်းညွန်ရန် လိုအပ်သည်။ လိမ္မာမှု ရှိသောကလေးငယ်တစ်ဦးသည် ၎င်းရှေ့ဆက်လျှောက်လှမ်းရမည့် အနာဂတ်ခရီးဝေးအတွက် မိဘအုပ်ထိန်းသူ တို့နောက်ဆံ တင်းစရာမလိုတော့ပေ။

ကျောင်းနေရွယ်ကလေးငယ်များသည် လုံခြုံနွေးထွေးမှုကို အထူးလိုအပ်ကြလေသည်။ မိဘရင်ခွင်မှခွဲခွာ၍ ကျောင်းဆိုသောအဆောက်အဦးကြီးထဲတွင် အရွယ်ပေါင်းစုံ၊ လူမျိုး ပေါင်းစုံ၊ ဘာသာရပ်ပေါင်းစုံ၊ အဖြစ်အပျက် ပေါင်းစုံ၊ အခြေအနေပေါင်းစုံကြားတွင် နေ့စဉ်နှင့်အမျှ နေထိုင်ကြရခြင်းသည် ကလေးငယ်တို့၏ စိတ်အား များစွာထိခိုက်စေသည်။ များစွာပျော်ရွင်စေသည်။ များစွာလွတ်လပ်စေသည်။ များစွာပြောင်းလဲစေသည်။ ဤကဲ့ သို့များပြားလှသောအခြေအနေမျိုးထဲတွင်နှစ်ပေါင်းများစွာ ရှင်သန်နေထိုင်လျက်ရှိကြသော ကလေးငယ်များ သည် များစွာသောဘ၀တို့ကို ပိုင်ဆိုင်ကြရလေသည်။တချို့အသက်အရွယ်နှင့်လိုက်၍ ရင့်ကျက်မှု၊ အောင်မြင်မှု၊ ပိုင်ဆိုင်မှုတို့ကို ရရှိကြလေသည်။ တချို့အစိတ်ပိုင်းဆိုင်ရာအရ အားနည်းသူများအနေနှင့် ဦးနှောက်ချို့ယွင်းမှု၊ စိတ်ဓါတ်သိမ်ဖျင်းမှု၊ ရိုင်းစိုင်းကောက်ကျစ်မှု၊ ရူးသွပ်မိုက်မဲမှုတွေ ဖြစ်လာကြသည်။

ကျောင်းနေကြသောကလေးသူငယ်များအား ခန္ဓာကိုယ်ပိုင်းဆိုင်ရာ လုံခြုံမှုဖြစ်စေရန် သာမက ကလေးများစိတ် ပိုင်းဆိုင်ရာပါ လုံခြုံစေရန်အတွက်အရေးကြီးပါသည်။ မိဘရင်ခွင်ထဲ၊ အုပ်ထိန်းမှုအောက်တွင် နေနေရသော ကလေးငယ်တစ်ဦးသည် အိမ်မှာရှိနေသောအခါ မိမိ၏ကိုယ်ရော၊ စိတ်ပါလုံခြုံမှုရှိသည်ဟု ယုံကြည်ကြသည်။ အိပ်စား၊ နေထိုင်၊ သွားလာ စသောအထွေထွေကိစ္စရပ်များကအစ သူတို့ကိုသူတို့ လုံခြုံသည်ဟုခံစားကြရသည်။ အဘယ်ကြောင့်ဆိုသော် သူတို့မွေးလာကတည်းက ကျွေးမွေးပြုစုလာသူသည် မိဘတွေပင်ဖြစ် သောကြောင့်ပင် ဖြစ်သည်။ မိဘရင်ခွင်မှခွဲခွာ၍ အခြားနေရာများသို့သွားရပါက ကလေးငယ်များသည် ငိုကျွေးတတ်ကြသည်။ စိုး ရိမ်ကြောက်ကြသည်။ ၎င်းတို့ရောက်ရှိနေ သော ပတ်ဝန်းကျင်အားမယုံကြည်ဖြစ်နေတတ်သည်။ ပတ်ဝန်းကျင်မှ လူများကိုလည်းမယုံ၊မိမိတို့အိမ် မိဘမှလွဲမည်သူမျှ ယုံကြည်စရာမရှိဟု စွဲလန်းနေတတ်၏။ မိမိအတွက် လုံခြုံမှု မရှိသည်ဟု ခံစားနေရသောနေရာဒေသနှင့် လူတွေကြားတွင် နေရသောအခါ ကြောက်စိတ်များ ၀င်လာတတ် သည်။ ကြောက်စိတ်၊ စိုးရိမ်စိတ်များဖြစ်စေနိုင်သောနေရာဒေသနှင့် လူများကြားတွင် ရောက်သောအခါ ကလေး သည် မိမိအတွက်လုံခြုံမှုမရှိဟု သံသယ များဖြစ်လာ ပေသည်။ ၎င်းသံသယစိတ်ကြောင့် ကလေးများသည် မိမိ မိဘမှအပ မည်သူ့ကိုမှယုံကြည်မှုမရှိချေ။

မိဘမဟုတ်သော လူတစ်ယောက်သည် ကလေးများ၏ အရိုးစွဲသံသယတစ်ခုအား ပြုပြင်ပြောင်းလဲချင်လျှင် ပထ မဦးဆုံး ကလေးများနှင့်ယုံကြည်မှုတည်ဆောက်ရန် အရေးကြီး လှသည်။ ကလေးများနှင့် ယံကြည်မှုရသည်နှင့် တပြိုင်နက် ဒုတိယအဆင့်ဖြစ်သော ချစ်ခင်ရင်းနှီးမှုတည်ဆောက်ခြင်းပင်ဖြစ်ပါသည်။ ကလေးများနှင့် ယုံကြည် မှု၊ ရင်းနှီးချစ်ခင်မှုများရရှိပြီးပါက ၎င်းကလေးငယ်တစ်ဦးအား ဆက်လက်ထိန်းကျောင်းသွားရန် မခက်ခဲလေ တော့ဟု ယူဆပါ၏။ မိဘမဟုတ်သော လူတစ်ယောက်သည်လည်း မိမိ၏ကလေး၊ သားသမီး မဟုတ်သော ကလေးငယ်များအား ထိန်းကျောင်းဖို့ရန် အခက်ခဲများစွာရှိလေသည်။ သို့သော် စိတ်ပျက်ရန်မလို၊ အားလျှော့ရန် မလိုသလို၊ အကောင်းဆုံးဖြစ်နိုင်စေရန် ဆက်လက်ကြိုးစား အားထုတ်ဖို့ရန်ပင် အရေးကြီးလေသည်။ အသက်ရှိ လျက်ရှိသော ကလေးငယ်များ အသက်ရှင်လျက်ရှိသော လူသားများပင်ဖြစ်ကြသည်။ ခံစားချက်ရှိကြသည်၊ ယုံ ကြည်ချက်ရှိကြသည်၊ စွဲလန်းမှုရှိကြသည်၊ ပျော်ရွှင်လွတ်လပ်ချင်ကြသည်၊ လုံခြုံနွေးထွေးမှု ရယူပိုင်ဆိုင်ချင်ကြ သည်။

အကယ်၍ ကလေးများ၏ အုပ်ထိန်းသူ၊ မိဘဆရာသမားများသည် ကလေးငယ်များ၏ လိုအပ်ချက်များအား အတိုင်းအတာတစ်ခုထား၍ (အလွန်အကျွံ မဟုတ်သော) လွတ်လပ်မှု၊ ပျော်ရွှင်မှု၊ လုံခြုံမှု ၊ နွေးထွေးမှုလေးများ ဖန်တီးပေးနိုင်ပါက ကလေးငယ်များသည်လည်း သူ့ကမ္ဘာနှင့်သူပျော်ရွှင်နေကြမည် ဧကန်ပင်…………..

အပြုအမှုတိုင်းသည်မိမိ၏ စိတ်ရင်းမှ ပေါက်ဖွားလာခြင်းဖြစ်၏
ကြိုးစားလျက်
Image and video hosting by TinyPic

Monday, August 31, 2009

ကျန်ရစ်လေသောမိုးရာသီ

မိုးအေးအေးနဲ့ အိမ်ထဲမှာပဲ ဘာမှမလုပ်ပဲထိုင်နေခဲ့ပြီး တောင်တွေးမြောက်တွေးဖြစ်နေခဲ့တယ်၊
တခုခုလုပ်ဖို့စဉ်း စားလိုက်တော့လည်း ပျင်းနေမိပြီး ဒီတိုင်းပဲထိုင်နေလိုက်တော့တယ်၊၊ စာရေးစရာတွေရှိနေပေမယ့် အချိန်ရှိသေး တယ်ဆိုပြီး နေနေလိုက်တယ်၊ အိမ်ထဲနွေးထွေးစွာပဲနေရင်း ညနေအလုပ်မှအိမ်ပြန်လာကြတဲ့ မြန်မာအလုပ် သမားတွေကို အိမ်နောက်ဖေးတနေရာကနေငေးမောကြည့်နေခိုက် တခုခုကိုပြေးသတိရသလိုဖြစ်လာမိတယ်၊၊ အဲဒီတခုခုဆိုတဲ့ အကြောင်းအရာလေးကို သတိရမိတာနဲ့တပြိုင်တည်း အခုလိုကိုယ်အေးအေးလူလူနေထိုင်နေရ တဲ့ဘဝနဲ့ အတိတ်ကဘဝကို ပြန်ပြီးတယောက်တည်း နှိုင်းယှဉ်ကြည့်နေမိတယ်၊၊

အခုလိုမိုးရာသီမှာ မိုးတွေမစဲပဲနေ့တိုင်းဆက်တိုက်ရွာသွန်းနေတဲ့နေ့တွေမှာ ကျမတို့မောင်နှမတတွေ မိုးရေစိုစို ရွှဲရွှဲနဲ့ အလုပ်ထဲမှာပျော်တလှည့်၊ ငိုတလှည့်နဲ့ ဘဝကိုရုန်းကန်ခဲ့ကြရတဲ့အချိန်လေးတွေကို သွားသတိရမိတယ်၊၊ အဲဒီ တုန်းကဆိုရင် ကျမတို့ဟာ အသက် ၁၁ နှစ်၊ ၁၂ နှစ်လောက်ပဲရှိအုံးမယ်၊ အမှန်တော့အလုပ်လုပ်ရမယ့် အရွယ်တွေတော့မဟုတ်သေးပါ၊၊ ဒါပေမယ့်လည်း ဘဝကံကြမ္မာကပေးလာတဲ့လာဒ်တစ်ခုဖြစ်တယ်ဆိုပြီး မိမိတို့ ရဲ့ဘဝအမှန်တို့ကို ကျေကျေနပ်နပ်ကြီးလက်ခံခဲ့ကြတယ်၊၊

အဲဒီတုန်းက ကျမတို့မောင်နှမတွေလုပ်ရခဲ့ရတဲ့အလုပ်ကတော့ ထိုင်းအစိုးရရဲ့စီမံကိန်းတစ်ခုဖြစ်တဲ့ နယ်စပ်ကျေး ရွာများရဲ့ ကားလမ်းဘေးတစ်လျှောက်လုံးမှာ သဘာဝသစ်ပင်စိုက်ပျိုးရေးပင်ဖြစ်တယ်၊၊ အမှန်တော့ကားလမ်း ဘေးတင်မကဘူး၊ တောတောင်အထပ်ထပ်နေရာအနှံ့အပြားမှာပါ သစ်ပင်များလိုက်စိုက်ရပါတယ်၊၊ သစ်ပင်မျိုး တွေကတော့ ပိတောက်၊ ပဲဇာလီ၊ ကျွန်း စတာတွေဖြစ်ပြီး၊ ကျန်တဲ့အမျိုးပင်တွေကိုတော့ ကျမနာမည်မခေါ်တတ် ဘူး၊၊ အဲဒီ စိုက်ရလွယ်တဲ့သစ်ပင်မျိုးနွယ်များကို ထိုင်း - မြန်မာနယ်စပ်သွားတဲ့ကားလမ်းတစ်လျှောက်လုံးမှာ လိုက်စိုက်ရတယ်၊၊ အပင်စိုက်တယ်ဆိုတော့ မိုးရာသီ၊ မိုးကာလမှာပဲစိုက်ရတယ်မဟုတ်လား၊၊ ဒါမှလည်း အပင် တွေရှင်သန်နိုင်မှာကိုး၊၊

အလုပ်ခွင်ထဲမှာ ကျမတို့မောင်နှမတွေကအသက်အငယ်ဆုံးတွေဖြစ်တယ်၊ ဒါနဲ့လည်း အလုပ်ကိုတော့ သူများ တွေလို၊ လူကြီးတွေလိုပဲလုပ်ခဲ့ရတယ်၊၊ ပျိုးပင်ထမ်း၊ ပျိုးပင်စိုက်၊ တောခုတ်၊ မီးလမ်းရှင်း စတဲ့အလုပ်အားလုံးကို လုပ်ရတယ်၊ အလုပ်အားခကျတော့ တနေ့ ဘတ်ငွေ ၅ဝ ပဲရတယ်၊ ထမင်းထုပ်လည်းကိုယ့်ဟာကိုယ်ထုပ်ရတယ်၊ ဟင်းချက်စရာကတော့ နည်းနည်းသက်သာတယ်၊ ဘာဖြစ်လို့လဲဆိုတော့ တောထဲတောင်ထဲကိုရောက်နေရတဲ့ တာမို့ မျှစ်၊ ဟင်းသီးဟင်းရွက်တို့ကို ဟင်းလျာလုပ်စားသောက်ခဲ့ကြတယ်၊ အသားငါးဆိုတာကတော့ တခါတလေ ပေါ့၊၊ ကိုယ့်ထမင်းထုပ်အတွက်ကိုယ်ပဲစီစဉ်ချက်ပြုတ်ရတယ်၊ ကျမတို့မိဘတွေကတော့ ရွာမှာကျန်ခဲ့တယ်၊ ကျမ တို့က အလုပ်ခွင် မှာ ကိုယ့်ဆွေမျိုး၊ မောင်နှမတော်စပ်သူတွေမဟုတ်တဲ့လူတွေနဲ့နေထိုင်ခဲ့ရတယ်၊၊ ရှင်းရှင်းပြော ရရင် တခါမှမတွေ့ဖူး၊ မမြင်ဖူးတဲ့လူတွေနဲ့အဖော်လုပ်ပြီး နေခဲ့ရတယ်၊၊ ကံကောင်းတာကတော့ ကိုယ်နဲ့အတူနေ ထိုင်ကြတဲ့လူတွေဟာ လူကြီး လူကောင်းများဖြစ်ကြလို့ပေါ့၊၊ မိန်းကလေးဆိုလို့ ကျမနဲ့ကျမအဒေါ် နှစ်ယောက် ပဲဖြစ်ပြီး ကျန်တာတွေကတော့ ယောကျာ်းလေးတွေချည်းပဲ တစ်အိမ်တည်းနေထိုင်ခဲ့ကြရတာ၊၊ ကျမတို့ကိုမောင် ငယ်၊ နှမငယ်အရင်းချာတွေလို ဂရုစိုက်ခဲ့ကြပါတယ်၊၊

မိုးတွေမစဲတမ်းရွာနေခဲ့ပေမယ့်လည်း မိုးရေထဲမှာ အလုပ်ကိုမနားတမ်းလုပ်ကြရတယ်၊ မိုးစိုလို့လမ်တွေချော်၊ ရေ တွေကြီးနေပေမယ့်လည်း ဒီတိုင်းပဲကုန်းရုန်းပြီးသွားရတယ်၊၊ လမ်းတွေချော်လို့ တောင်ကုန်းအတက်မှာသိပ် အခက်မတွေ့ပေမယ့် ကုန်းအဆင်းကျတော့ အသက်တောင်ဝအောင်မရှူရဲတော့ဘူး၊၊ ဘယ်လိုဆင်းရမလဲဆို တာတောင် တွေးတောမတတ်ဖြစ်ခဲ့ရတယ်၊၊ အဲဒါလည်းပဲ ပျိုးပင်တွေကို တောင်အောက်ကနေတောင်ပေါ်သို့ အခေါက်ခေါက်အခါခါ ထမ်းရွက်တင်ရသေးတယ်၊၊ ပျိုးပင်တွေကတော့ တစ်ဒေါင်ခန့်အပင်တွေဖြစ်တယ်၊ အဲဒါကို မကျိုးအောင်လည်း ဂရစိုက်ရသေးတယ်၊၊ အပင်စိုက်တဲ့အခါမှာလည်း တစ်ထွာကျော်ကျော်လောက်ရှိတဲ့အတွင်း ထဲမှာ မြှုပ်ထည့်ပြီး အတွင်းဘေးမှာတိုင်တစ်တိုင်ထူ၊ တိုင်ထိပ်မှာပျိုးပင်ထုပ်ထားတဲ့ ပလပ်စတိတ်အိပ်မည်းအခွံ ကိုစွပ်ထားခဲ့ရတယ်၊၊ အဲဒီအတိုင်းမလုပ်ရင် ကိုယ့်နောက်မှာလုပ်ငန်းကြီးကြပ်ရေးကလိုက်ချောင်းနေတာမို့ မိရင် အလုပ်အားခဖြတ်ပြီသာမှတ်၊၊

စိုစွတ်နေတဲ့တောင်ကြိုတောင်ကြားလမ်းကျဉ်းလေးမှာလျှောက်ရတာ တခါတခါချော်လဲလို့ကတော့ တောင်ပေါ် မှတောင်အောက်တခါတည်းတန်းနေရောပဲ၊၊ ဘွတ်ဖိနပ်ရှိတဲ့လူတွေအတွက်ကတော့ သက်သာတယ်၊ ဘွတ်ဖိနပ် မရှိတဲ့လူတွေကတော့မလွယ်ဘူး၊၊ ဒီကြားထဲ ဓါးကောက်ကိုလည်း တစ်ဖက်လက်ကကိုင်ဆောင်ထားရသေးတယ်၊ ထူ ထပ်တဲ့ချုံနွယ်တို့ကိုပေါင်းသင်ဖို့ဖြစ်ပါတယ်၊၊ အပင်စိုက်ဖို့အတွင်းတူးသမားကတော့ ဓါးကောက်နဲ့ ပေါက်တူး (ပေါက်ပြား)ကိုဆောင်ရပြီး၊ အပင်စိုက်သူကတော့ ဓါးကောက်၊ ပျိုးပင်အပြည့်ထည့်ထားတဲ့ချင်း (ပလိုင်း)တစ်လုံး တို့ကိုဆောင်ရတယ်၊၊ ဒီကြားထဲ ထမင်းထုပ်ကလည်းပါသေးတယ်၊ ရေဗူးလည်းပါသေးတယ်၊ မိုးကာအင်္ကျီလည်း ပါသေးတယ်၊ ခမောက်လည်းပါလိုက်သေးတယ်၊ တကိုယ်လုံးမှာအထုပ်တွေအရှုပ်တွေနဲ့ အရူးလိုပဲ၊၊ မိုးစိုစိုထဲ အလုပ်လုပ်ရ တာ သိပ်ကိုအန္တာရာယ်ကြီးလွန်းပါတယ်၊၊

မိုးရေတစ်ကိုယ်လုံးစိုရွှဲပြီးပြန်လာရတဲ့နေ့တွေဆိုလည်း ဖျားချင်လိုလို၊ နာချင်လိုလိုဖြစ်လာတယ်၊ မိုးအေးအေးနဲ့ အိမ်ပြန်ရောက်လာတာနဲ့ တခါတည်းတမ်းပြီးကွေးသာအိပ်လိုက်ချင်တော့တယ်၊၊ အလုပ်ပင်ပန်းရတာတစ်ဖက်၊ မိုးမိလို့ ချမ်းရတာတစ်ဖက်ဆိုတော့ လူကမလှုပ်ချင်တော့ဘူး၊၊ ဒါပေမယ့်လည်း မလှုပ်ချင်လို့မကဖြစ်၊ ကိုယ်ရော၊ ကိုယ့် မောင်နှမတွေအားလုံးစားသောက်ဖို့ ထမင်းဟင်းဝိုင်းကူချက်ပြုတ်ဖို့လိုသေးတာကိုး၊၊ ထမင်းမစားပဲအိပ် လိုက်ရင်တော့လည်း နောက်တနေ့မထနိုင်ပဲဖြစ်ပြန်အုံးမယ်၊ မထနိုင်ရင် အလုပ်ပျက်မယ်၊ အလုပ်ပျက်တော့ လည်း ပိုက်ဆံမရပဲနေမှာစိုးလို့ အကြောင်းအရာတွေကဆက်စပ်နေတော့ ဘဝဟာခါးသီးလွန်းတယ်လို့ အောက် မေ့မိပြီး ထိုင်သာငိုပစ် လိုက်ချင်တော့တယ်၊၊

အဲဒီအချိန်တုန်းကတော့ အလုပ်လုပ်ရင် ပိုက်ဆံရမယ်ဆိုတဲ့အသိစိတ်ကခိုအောင်းနေတာကိုး၊ တဖက်ကလည်း ကိုယ့်မိဘတွေကို တဖက်တလမ်းကဝင်ငွေဝိုင်းဝန်းရှာကူတာဖြစ်ပါတယ်၊၊ ဖြစ်နိုင်ရင်၊ ရွေးချယ်စရာရှိရင်တော့ ဒီ လိုမိုးထဲလေထဲနေထဲမှာလုပ်ရတဲ့အလုပ်မျိုးကို လုံးဝမနှစ်သက်ခဲ့ပါဘူး၊ အရိပ်အောက်မှာ အေးအေးဆေးဆေးနဲ့ လုပ် ကိုင်စားသောက်လို့ရတဲ့အလုပ်မျိုးကိုပဲ လုပ်ချင်ခဲ့တာ၊၊ အဲဒီတုန်းကတစ်ခုတွေးမိခဲ့တယ်၊ အဲဒါဘာလဲဆို တော့ ‘တနေ့ ကိုယ့်နိုင်ငံအေးချမ်းသွားတဲ့အခါ ကိုယ့်ရပ်ကိုယ့်ရွယ်မှာ ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခုကို အေးအေး ချမ်းချမ်းလုပ်ကိုင် မယ်’ လို့တွေးမိခဲ့ဖူးပါတယ်၊၊

ဟိုအဝေးဆီမှ မိုးရေတွေစိုရွှဲနေတဲ့အလုပ်သမားအိမ်ပြန်လာနေကြတယ်၊ ကွေးကွေးလေးနဲ့ တကိုယ်လုံးတုန်ခိုက် နေတော့တာကိုလည်း တွေ့နေရတယ်၊၊ အလုပ်ခွင်ထဲမှာတနေကုန် ပင်ပင်ပန်းပန်းအလုပ်လုပ်ခဲ့ရတဲ့အပြင် မိုးရေ တွေစိုရွှဲပြီးပြန်လာတော့လည်း အေးဆေးစွာအနာယူချင်ကြမှာပဲ၊၊ သို့သော် ချက်ပြုတ်စားသောက်ရမယ့်အချိန်၊ မနက် ဖြန်အတွက်အားမွေးရမယ့်အချိန်ကလည်း ကျန်နေသေးတယ်မဟုတ်လား၊၊ မိုးရာသီဆိုတော့ အလုပ် အကိုင်ရှားပါးတဲ့ကာလမို့လို့ အလုပ်ကိုကြိုးစားပြီးမလုပ်ရင်လည်း ကိုယ့်ဝမ်းရေး၊ မိသားစုဝမ်းရေးနဲ့ကိစ္စများ မြောင်တို့အတွက်အခက် တွေ့လိမ့်မယ်၊၊

ဟိုတချိန်တုန်းက ကျမတွေးခဲ့ဖူးသလို ဒီကအလုပ်သမားတွေလည်း အေးချမ်းတဲ့ဘဝနဲ့ ကိုယ့်ရပ်ကိုယ့်ရွာမှာ အေး ချမ်းစွာ ကိုယ်ပိုင်လုပ်ငန်းဖြစ်စေ၊ အများပိုင်လုပ်ငန်းဖြစ်စေ လုပ်ကိုင်ပြီးအသက်မွေးဝမ်းကျောင်းချင်ကြမှာပဲ၊ အခု လိုမျိုးမိုးထဲ၊ လေထဲ၊ နေထဲ အပင်ပန်းကြီးစွာ ဘယ်သူမှအလုပ်လုပ်ချင်ကြမှာမဟုတ်ဘူး၊၊ သက်သာရာဘဝဆို တာ ကျမတို့မြန်မာနိုင်ငံသူနိုင်ငံသား၊ ဆင်းရဲသားလူတန်းစားတွေအတွက်အလှည့်ရောက်လာလိမ့်မယ် ကျမ အနေနဲ့မျှော် လင့်ပါတယ်၊၊ ဆုလည်းတောင်းလျက်ပါပဲ၊၊

ဒီအချိန်မှာ ကျမကတော့အိမ်အမြင့်တနေရာကနေ တန်းလျားလေး သုံးလေးလုံးဆောက်တည်ရာရှိတဲ့အရပ် ကို အလုပ်ခွင်မှပြန်လာနေကြတဲ့ ကိုယ့်မြန်မာအလုပ်သမားများကိုငေးကြည့်ရင်း အတွေးတွေတစစီခေါင်းထဲဝင်ဝင် လာနေဆဲပဲ၊၊ တွေးရင်း၊ ငေးရင်း၊ ဆွေးရင်းနဲ့ပဲ အနွေးထည်ဝတ်ဖို့တောင်မေ့နေခဲ့တယ်၊၊ ၊၊

ပျော်ရွှင်ခြင်းများနဲ့ပြည့်စုံသောဘဝပိုင်ရှင်များဖြစ်ကြပါစေ



Friday, August 28, 2009

သုံးရာသီ ဘ၀ခရီး

တောတောင်အထပ်ထပ်နဲ့ စမ်းချောင်းရေကြည်များစီး ဆင်းလျက်၊ နံနက်ငှက်ငယ်များတေးသံကိုနားဆင်ရင်း အိပ်ယာကမထနိုင်လောက်အောင် သာယာအေးချမ်းနေ ခဲ့ပါတယ်၊၊ မနက် ၅ နာရီးထိုးနေပြီ၊ သို့သော်နံနက်စော စောရဲ့ လူမမြင်နိုင်တဲ့လေပြေလေအေးနဲ့အတူ အေးချမ်း သာယာတဲ့ငှက်ငယ်များရဲ့မြူးတူးပျော်ရွှင်နေကြပုံ ကိုယ်ကို တိုင်ကလည်းမမြင်နိုင်ခဲ့ပါ၊၊ ဒါပေမဲ့ အိပ်ယာထဲက ခံစား ခွင့်ရနေခဲ့တယ်၊၊ အဲဒီအေးချမ်းသာယာတဲ့တေး သံလေးတွေနဲ့အတူ ကိုယ့်စိတ်တွေလိုက်မျောပါသွားရင်း၊ နံနက် အာရုဏ်ဆွမ်းထချက်ရမှာကို သတိရလာခဲ့တယ်၊၊ ဒါကြောင့် အိပ်ယာက ကပျာကယာထပြေးပြီး မီးဖိုချောင် ထဲဝင်၊ မျက်နှာသစ်ပြီး မီးမွှေး၊ ဆွမ်းချက်၊ မနက်စာပြင် လိုက်ရတော့တယ်၊၊ ထိုအခါ နံနက်အာရုဏ်ဦးလေးရဲ့ တိတ်ဆိတ်တဲ့ ရသကိုခံစားလိုက်ရတယ်၊၊

နံနက် ၆ နာရီထိုးတာနဲ့ ရွာအလယ်ပိုင်းဘုန်းကြီးကျောင်းက ရဟန်းသံဃာတော်များ ဆွမ်းခံကြွအလာကို တစ်ရွာ လုံးရှိအိမ်များ ဗယ်ညာနှစ်ဘက်မှာဆွမ်းခွက်ပူပူနွေးနွေးလေးတွေကို ပင့်မကာစောင့်နေကြတာ အင်မ တန်ကြည် ညိုဖွယ်ကောင်းလှပါတယ်၊၊ အဲဒီအချိန်ဆိုရင် ရွာရိုးတလျှောက်အိမ်တိုင်းဆိုသလို ဆွမ်းလောင်းဖို့ အသင့်ဖြစ်နေခဲ့ ကြပြီး သံဃာတော်များကို စောင့်စိုင်းနေခဲ့ကြတယ်၊၊ ကျောင်းသူကျောင်းသားများရှိတဲ့အိမ်တိုင်း မှလည်း စာကျက်သံများဆူညံနေသလိုပင် ကြက်ငှက်များရဲ့အစာတောင်းစားအသံတွေလည်း ရောနှောဆူညံ နေခဲ့ကြတယ်၊၊ တစ်ရွာလုံးရဲ့ ရပ်ကွက်တိုင်း၊ ရပ်ကွက်တိုင်းမှာလည်း ထိုနည်းတူစွာလုပ်လေ့ရှိခဲ့ကြပါတယ်၊၊
အိမ်ကမောင်ငယ်၊ ညီမငယ်များအတွက် ကျောင်းမှာနေ့လည်စာစားဖို့ ထမင်းဗူးထည့်ပေးပြီး သူတို့တတွေ မနက်စာအတွက်ပါ တခါတည်းပြင်ပေးရတယ်၊၊ ကိုယ်ကအကြီးဆိုတော့ အိမ်မှုကိစ္စတွေအားလုံး ပြီးစီးအောင် လုပ်ပြီးမှ ရေမိုးချိုး အ၀တ်စားလဲ၊ မနက်စာ အဆာပြေစားပြီးတာနဲ့ ကမန်းကတန်းကျောင်းကိုပြေးသွားခဲ့ရတယ်၊၊ ကျောင်းအချိန်က ၈း၃၀ ဆိုပေမဲ့ အိမ်ကနေကျောင်းရောက်အောင် ၁၀ မိနစ်လောက်အနည်းဆုံးလျှောက်ရပါ တယ်၊၊ ကျောင်းရောက်တော့ ကိုယ့်ညီမလေး၊ မောင်လေးတွေရှိရာအတန်းဘက်ကိုသွားပြီး ကြည့်ရသေးတယ်၊၊ အခြားကျောင်းသူကျောင်းသားများငယ်များနဲ့ တည့်အောင်ပေါင်းတတ်ဖို့လည်း ဆုံးမသွန်သင်ရသေးတယ်၊၊
ကျောင်းပိတ်ရက်များဖြစ်တဲ့ စနေ၊ တနင်္ဂနွေ နှင့် ဥပုဒ်နေ့တွေဆိုရင် မောင်နှမတစ်အုပ်စုလုံးဟာ အိမ်တံခါး ပိတ်ပြီး အောက်ရွာကိုကျော်ပြီးနောက်တစ်ရွာဖြစ်တဲ့ ကရင်ရွာကိုသွားကြတယ်၊၊ အဲဒီမှာ ဖေဖေနဲ့မေမေက တောင်ယာလုပ်နေတယ်ဆိုတော့ ကိုယ်တို့ မောင်နှမတသိုက်လည်း ကျောင်းပိတ်ရက်တွေမှာ ပေါင်းသင်၊ မြက်နုတ်၊ ဟင်းသီးဟင်းရွက်များစိုက်ပျိုး စတဲ့အထွေထွေအလုပ်တွေကို ၀ိုင်းလုပ်ကြဖို့ ရောက်သွားခဲ့ကြပါတယ်၊၊ ယာထဲမှာပဲညအိပ်ညနေပြီး နောက်တနေ့ညနေပိုင်းကျတာနဲ့ မောင်နှမတသိုက်အိမ်ပြန်လာခဲ့ ကြတယ်၊၊ တောင် ယာကနေအိမ်ကိုပြန်ရောက်ကြတဲ့ မောင်နှမအုပ်စုဟာ အိမ်ရောက်ရောက်ချင်း ခဏအနားယူပြီး ယာထဲက ပါလာတဲ့ အသီးအရွက်များကို ရောင်းဖို့ပြင်ဆင်ခဲ့ကြတယ်၊၊ ခရမ်းသီး၊ ချဉ်ပေါင်ရွက်၊ ကျောက်ဖရုံသီး၊ ခ၀ဲသီး၊ ရွှေဖရုံသီး၊ ငရုပ်သီးစိမ်း၊ ပိန်းဥ တို့ကိုရွာရိုးတစ်လျှောက်လည်ပတ်ပြီး လိုက်ရောင်းရင်အကုန်ရောင်းရပါတယ်၊၊ အဲဒါကို ညီမငယ်နှစ်ယောက်က သွားရောင်းဖို့တာဝန်ပေး ရပါတယ်၊၊ အိမ်မှာကျန်နေတဲ့အစ်မကြီးတွေနဲ့ မောင်လေးအငယ်ဆုံးလေးကတော့ ရေမိုးချိုး၊ ညနေစာစားဖို့ချက်ပြုတ်ခဲ့ကြတယ်၊၊ ညစာ စားပြီးတာနဲ့ မောင်နှမ တစုဟာ ကိုယ့်စာအုပ်ကိုယ်ကိုင်ပြီး စာကျက်ကြတယ်၊ အကြီးဖြစ်တဲ့သူက အငယ်ဖြစ်တဲ့သူကို စာချပေးခဲ့ရတယ်၊၊
ကျောင်းလေးက တောကျောင်းဖြစ်ပေမဲ့ သူငယ်တန်းကနေ အထက်တန်းအစထိသင်ကြားပို့ချပေးပါတယ်၊၊ ကျောင်းသူ၊ သားများဟာ ကိုယ်စီကိုယ်ငှအကျင့်စာရိတ္တကောင်းကြပြီး ပညာရေးကိုတစိုက်မတ်မတ် အားသွန် ခွန်စိုက်ကျိုးစားကြပါတယ်၊၊ ကျောင်းသား အများစုဟာ နှစ်တိုင်းလိုလိုအတန်းတင်စာမေးပွဲအောင်လေ့ရှိကြတယ်၊ ဂုဏ်ထူးများကိုရယူနိုင်ခဲ့ကြတယ်၊၊ ကျောင်းစည်းကမ်း၊ ရွာစည်း ကမ်းများကိုလည်း လိုက်နာကျင့်သုံးကြတယ်၊ ကျောင်းမှာ ကျောင်းသူ၊ သားများအချင်းချင်းစုစုစည်းစည်းနေထိုင်တတ်ကြသလို၊ ကျောင်း ပိတ်ရက်တွေဆို လည်း သူငယ်ချင်း၊ အပေါင်းသင်းတို့အိမ်တွေကို လိုက်လည်ကြတယ်၊ စာအတူကျက်တယ်၊ အိမ်စာအတူ လုပ်ကြတယ်၊ အလုပ်ရှိရင်လည်း အတူဝိုင်းလုပ်ကြတယ်၊ အလှူရှိရင်လည်း အတူဝိုင်းလုပ်ကြတယ်၊ ကျောင်းသား အားကစားပွဲတော်လုပ်ရင် အားလုံး ညီညီညွတ်ညွတ်ဝိုင်းလုပ်လေ့ရှိကြတယ်၊၊
ဝါဆို၊ ၀ါခေါင်လတွေမို့လို့ မိုးရွာမစဲ နေ့ရောညပါသည်းထန်စွာရွာသွန်းနေတော့တာပဲ၊၊ အိမ်တွေက သစ်တိုင်၊ ကြမ်းခင်း၊ ဖက်မိုး၊ ကြူထရံကာတွေပဲဆိုတော့ မိုးတွေရွာလိုက်တိုင်း အိမ်အထဲထိ အေးစိမ့်ဝင်သွားတော့တာပဲ၊၊ မိုးတွေရွာရင်းနဲ့ပင် အိမ်ခြေရင်းဘက် ရှိစမ်းချောင်းလေးကရေစီးသံ၊ ကျောက်တုံးများလိမ့်နေသံများကြားနေခဲ့ ရတယ်၊၊ ၀ါတွင်းမှာရွာတဲ့မိုးရေချိန်ကြောင့် ရွာရိုးတစ်လျှောက် မြစ်၊ ချောင်း၊ အင်း၊ အိုင်များရေလျှံကာ တံတားများ ပျက်စီးကုန်တယ်၊၊ ဒါကြောင့် ကျောင်းသူကျောင်းသားများအတွက် အခဲတွေ့ကြရတယ်၊၊ ကျောင်းအသွားအပြန်ကို အိမ်ကလူကြီးတစ်ယောက်ယောက်ကလိုက်ပို့ရင်တော့ ကျောင်းတက်နိုင်တယ်၊၊ မရှိရင် ကျောင်းပျက်ရတဲ့နေ့ တွေများပါတယ်၊၊ တခါတလေကျတော့ ကျောင်းတက်နေတဲ့အချိန်မျိုးမှာ မိုးရွာချလိုက်ရင် အိမ်ပြန်ဖို့အတွက် တံတားမရှိ၊ လာကြိုမဲ့လူ ကြီးလည်းမရှိတဲ့အဖြစ်မျိုးနဲ့ကြုံခဲ့ရတယ်၊၊ အဲဒီအခါကျတော့ အခြားလူကြီးတွေရဲ့အကူ အညီကိုတောင်းရတယ်၊၊
မိုးရာသီရောက်တိုင်း ကျောင်းသူကျောင်းသားများစုကာ ရွာရဲ့လမ်းများ၊ ဘုန်းကြီးကျောင်းလမ်းများ၊ စာသင် ကျောင်းလမ်းများကို ပြုပြင်ခဲ့ကြရတယ်၊၊ ရွာရိုးတလျှောက်က ချောင်းထဲမှသဲများကို သယ်ယူကြပြီး ချော်နေတဲ့ လမ်းများမှာ လိုက်လောင်းခဲ့ကြတယ်၊၊ ဒါမှသာ ဘုန်းကြီးများ နံနက်အာရုဏ်ဆွမ်းခံဆင်းရင် အဆင်ပြေမှာဖြစ်ပါ တယ်၊၊ ကျောင်းသူကျောင်းသားငယ်များလည်း ကျောင်းသွားတဲ့ အခါ အဆင်ပြေကြပါတယ်၊၊ နောက်ပိုင်းကျ တော့ ကျောင်းသားကြီးများစုပြီး ရွာကတံတားများကိုလိုက်ပြုပြင်ခဲ့ကြတယ်၊ ရွာထဲကကုန်းတက်၊ ကုန်းဆင်း မြေ မြင့်မြေနိမ့်နေရာများကိုလည်း လေကားထစ်တွေလုပ်ပေးခဲ့ကြတယ်၊၊ ရဟန်းသံဃာတော်များ၊ အသက်ကြီးရွယ် အို များနဲ့အတူ ကလေးငယ်များအတွက်လည်း ပိုမိုအဆင်ပြေစေခဲ့ပါတယ်၊၊ ကျောင်းလည်းပျက်စရာမလိုတော့ ဘူး၊၊

သီတင်းကျွတ်လပြည့်နေ့မတိုင်ခင် ကျောင်းသူကျောင်းသားများ ပထမစမ်းစာမေးပွဲအတွက် အကြိတ်အနယ်ကျိုး စားခဲ့ရတယ်၊၊ စာမေးပွဲပြီးတာနဲ့ ကျမတို့ကျောင်းသူကျောင်းသားများအတွက် ကျောင်းကသီတင်းကျွတ်မီးထွန်းပွဲ တော်ပြုလုပ်ပေးခဲ့တယ်၊၊ အိမ်ကမိဘ ကိုလည်း ကန်တော့ကြတယ်၊ ကိုယ့်အသိမိတ်ဆွေတွေရဲ့မိဘများကိုလည်း လိုက်ကန်တော့ခဲ့ကြတယ်၊၊ မုန့်ဖက်ထုတ်၊ မုန့်ဆီကြော် တို့ကိုလည်း တအိမ်တက်၊ တအိမ်ဆင်း လိုက်လှူလိုက် ပို့ခဲ့ကြရတာ တပျော်တပါးပါပဲ၊၊ အဲဒီရာသီမှာ ကလေးငယ်များအတွက် သိပ်ပျော် စရာကောင်းတဲ့ကာလဖြစ် ခဲ့ပါတယ်၊၊ မိဘတို့နဲ့ ဘုန်းကြီးကျောင်းကိုလိုက်သွားရင်လည်း မုန့်တွေ စားမနိုင်၊ သောက်မနိုင်ဖြစ်ခဲ့ရတယ်၊၊ လပြည့်ညမှာလည်း ဖယောင်းတိုင်မီး၊ ဆီမီးခွက်များ ထိန်ထိန်လင်းလို့ပါပဲ၊၊ မီးပုံးပျံများလည်းလွှတ်ခဲ့ကြတယ်၊၊ သူငယ်ချင်းများနဲ့တရွာလုံး ပတ်ပြီး ဆီမီးခွက်များကိုလိုက်ကြည့်ကြတယ်၊ မီးပုံးပျံများလွှတ်နေတဲ့ရပ်ကွက်တွေမှာ ကျမတို့သူငယ်ချင်းတစုလိုက်ပျော်ခဲ့ကြတယ်၊၊
နွေဦးစ၀င်တာနဲ့ အရှေ›မြောက်မုက်သုန်လေညှင်းလေး တိုက်ခတ်လာသဖြင့် တရွာလုံးအေးစိမ့်မှုတို့ဖြင့် သာ ယာလျက်ရှိခဲ့တယ်၊၊ ရွာကတောင်ကြားမှာတည်ဆောက်ထားတာမို့ မြူနှင်းများအုပ်စိုင်းပြီး ပိုအေးချမ်းစေပါ တယ်၊၊ ညနေ ၄ နာရီ၊ ၅ နာရီလောက်က တည်းက ရေချိုးထားရတယ်၊ အဲဒီထက်နောက်ကျရင်တော့ ဘယ်လိုမှဒီနေ့ အတွက်ရေမချိုးနိုင်ဘူး၊၊ စမ်းချောင်းရေကအေးတာတကြောင်း၊ ရာသီဥတုကအေးတာတကြောင်းမို့လို့ အရိုးဆီ ခမ်းစေလောက်အောင်အေးပါတယ်၊၊ ညနေ ၆ နာရီလောက်ကစပြီး အိပ်ခန်းရဲ့အောက် တည့်တည့်မှာ ထင်းတုံး ကြီးများနဲ့မီးမွေးထားခဲ့ရတယ်၊၊ ဒါမှသာ ညအိပ်ရင်အပေါ်ကစောင် ၃-၄ ထည်ထပ်ပြီး အောက်မီးငွေ့နွေးနွေး လေး နဲ့ အိပ်လို့ရမှာဖြစ်ပါတယ်၊၊ နံနက်အစောကြီးထရင် မီးဖိုထဲကိုအရင်ဆုံးပြေးဝင်ရတယ်၊ မီးထည့်ပြီး ခြေလက်တွေ နွေးအောင်လုပ်ပြီးမှ ကျန်တာတွေဆက်လုပ်နိုင်တယ်၊၊
စပါးရိတ်သိမ်းချိန်လည်းနီးနေပြီမို့ စပါးသစ်၊ ဆန်သစ်၊ ထမင်းသစ်နဲ့ မုန်ဆန်းလှော်တို့ကို စားရတော့မယ်ဖြစ် တယ်၊ စပါးရိတ် ချိန်မှာ ကျမတို့မောင်နှမတွေကျောင်းအားလပ်ရက်တွေမှာ တောင်ယာကိုသွားပြီး မိဘကိုစပါး ၀ိုင်းကူရိတ်သိမ်းပေးခဲ့ကြတယ်၊၊ အငယ်လေးတွေကတော့ စပါးမရိတ်တတ်တဲ့အတွက် ကောက်လှိုင်းများဝိုင်း သယ်ကူကြရတယ်၊၊ စပါးဦးပေါ်ချိန်မှာ ကျမတို့မောင်နှမများသိပ် ပျော်ခဲ့ကြတယ်၊ ဘာကြောင့်လဲဆိုတော့ ဆန် အသစ်နဲ့ ထမင်းစားရတဲ့အပြင် တောင်ယာကထွက်တဲ့ ဟင်းသီးဟင်းရွက်များချက်ပြုတ်ပြီး စားခဲ့ရတာ သိပ်ကို အရသာရှိလှပါတယ်၊၊ ကောက်ရိုးများကို တဲကလေးလုပ်ကာ ညဘက်ဆိုရင်အဲဒီထဲမှာ မောင်နှမတသိုက်ဝင် အိပ်ခဲ့ကြတယ်၊၊ အေးချမ်းလှတဲ့ရာသီဥတုဒဏ်ကို ကာကွယ်ပေးတဲ့အပြင် မောင်နှမများနွေးနွေးထွေးထွေးအိပ် ခွင့်ရခဲ့ပါတယ်၊၊
တန်ဆောင်တိုင်ရောက်ပြန်တော့လည်း တရွာလုံးစည်ကားလို့ပါပဲ၊ ရွာထဲမှာလူတွေပြန်စုမိတဲ့ကာလလည်း ဖြစ် ပါတယ်၊၊ ဒီအချိန်မှာ တောင်ယာသမားများ၊ ဥယဉ်ခြံပိုင်ရှင်များ၊ အထွေထွေအလုပ်သမားများ အရပ်ဝေးမှ အိမ်ပြန်ချိန်ဖြစ်ပါတယ်၊၊ အလှူအတန်း လုပ်ရမည့်အချိန်ဖြစ်တဲ့အတွက်ကြောင့် ရွာထဲစည်ကားနေသလို၊ ဘုန်းကြီး ကျောင်း၊ စာသင်ကျောင်းတို့မှာလည်း သူ့အစီစဉ်နဲ့သူ သိုက် သိုက်မြိုက်မြိုက်ဖြစ်နေခဲ့ပါတယ်၊၊ တမိုးလုံး ပင်ပင် ပန်းပန်း အရပ်ဝေးကိုသွားပြီး အလုပ်လုပ်ကိုင်နေခဲ့ရတဲ့ ကာလသား၊ ကာလသမီး အပျို၊ လူပျိုတွေလည်း အပျို၊ လူပျိုအသင်းမှာ နွေရာသီမှာ ကောင်းမှုကုသိုလ်၊ ရွာအကျိုးကိုသယ်ပိုးပေးကြဖို့ လုပ်ငန်းစဉ်ရေးဆွဲနေခဲ့ကြပြီ၊၊ ကျောင်းသူကျောင်းသားများကလည်း နွေရာသီမှာပြုလုပ်မည့် ကျောင်းသားအားကစားပွဲတော်အတွက်၊ နောက် ဆုံးအတန်းတင်စာမေး ပွဲအတွက် စီစဉ်နေခဲ့ကြရပြီ၊၊
မိဘများမှာ တမိုးလုံးလုပ်ကိုင်လို့ ရတဲ့ဆန်စပါး၊ ကောက်ပဲသီးနှံများကို ရောင်းချကာ သားသမီးများအတွက်၊ စား ၀တ်နေရေးအတွက်၊ ကျန်းမာရေးအတွက်၊ အလှူအတန်းအတွက်၊ လူမှုရေးအတွက် စတဲ့အရေးတွေအတွက် ဝေ စုခွဲကာ ငွေကြေးကိုစီမံခန့်ခွဲရလေ တယ်၊၊ ဒါ့အပြင် တပေါင်းလ ဘုရားပွဲတော်၊ တန်ခူးလ သင်္ကြန်ပွဲတော်၊ ကဆုန် လ ညောင်ရေသွန်းပွဲတော် စတဲ့ပွဲတော်များအတွက်လည်း ထည့်သွင်း စဉ်းစားရတယ်မဟုတ်လား၊၊ အင်မတန်ရိုး သားတဲ့ ဘ၀ကို ဒီလိုပဲ နှစ်စဉ်နှစ်တိုင်းပုံသေရိုးမှားနေသွားကြတဲ့ ရွာသူရွာသားများဟာ တည်ငြိမ်အေးချမ်းမှုတို့ ကိုလည်း သေပုံရိုးမှားတည်ဆောက်ထားခဲ့ပါတည်၊၊ စပါးစိုက်ပျိုးချိန်၊ ရိတ်သိမ်းချိန်များမှာ ကျမတို့ အတွက်ပင် ပန်းပေမဲ့ ပျော်စရာများနဲ့ဘ၀ကို တည်ဆောက်ခွင့်ရခဲ့ပါတယ်၊၊ ကျမ တို့ဘ၀ကိုလည်း ပိုမိုနားလည်လာစေခဲ့ပါ တယ်၊၊ ကိုယ်စီ အသိစိတ်များမွေးဖွားခွင့်ရခဲ့ကြတယ်၊၊ အင်မတန်တည်ငြိမ်အေးချမ်းတဲ့ ကျေးလက်တောရွာလေး မှာ ဘ၀ကိုစတင်ပျိုးထောင်ခွင့်ရခဲ့ခြင်း ဟာ ဘ၀ပေးကုသိုလ်လို့ပဲ ပြောလိုက်ချင်ပါတော့တယ်၊၊

ရိုးသားလျက်
ဆောင်း