Showing posts with label အတွေးစလေးများ. Show all posts
Showing posts with label အတွေးစလေးများ. Show all posts

Tuesday, June 14, 2011

တစ်သက်စာ စိတ်ဓါတ်

သိတတ်စအရွက်ရောက်ကတည်းက မိမိတတ်နိုင်တဲ့ဘက်ကနေပြီး အများအတွက်၊ အထူးသဖြင့် လိုအပ်နေ တဲ့ သူတွေအတွက် လုပ်ပေးချင်တဲ့စိတ်လေး မွေးဖွားခဲ့ပါတယ်။ ဘာကြောင့်ဒီစိတ်ကလေးဖြစ်ပေါ်လာသလဲ ဆိုတော့ မိမိနေထိုင်ကြီးပြင်းလာခဲ့တဲ့ပတ်ဝန်းကျင်မှာ အဖြေအနေအမျိုးမျိုးကြောင့် ဘ၀အတွက်လိုအပ်ချက် များစွာနဲ့နေ ထိုင်နေကြတဲ့လူတွေက အတော်များများဖြစ်တယ်။

ဘ၀အတွက်လိုအပ်များဆိုတာ စားဝတ်နေရေးကစပြီး လူတစ်ယောက်ဘ၀နိဂုံးချုပ်တဲ့အချိန်အထိ လူ့ဘ၀ရဲ့ အဆင်မပြေမှုများဖြစ်ပါတယ်။ လူ့ဘ၀ကုသိုလ်ကံဆိုတာ အလွန်တရာဆန်းကျယ်လှပါတယ်။ အတိတ်ဘ၀ရဲ့ ပြုမူ မှုများဟာ ကောင်းခဲ့သလား၊ ဆိုးခဲ့သလား မသိဘူး။ ဒီဘ၀မှာတော့ လူ့ဘ၀တွေက အမျိုးမျိုးပါပဲ။ ကံကောင်းလူ က ကောင်းပြီး၊ ကံဆိုးလူကလည်း အလွန်ဆိုးဆိုးရွားရွားကြီးပါပဲ။ 

 ကုသိုလ်ကံများကြောင့် ကောင်းတဲ့အကျိုး၊ ဆိုးတဲ့အကျိုးများကို လက်ရှိဘ၀မှာခံစားကြရတာတော့ လက်ခံရ မှာပဲ။ ဒါပေမယ့် လက်ရှိဘ၀ရှင်ချင်းအတူတွေရဲ့နှိပ်စက်မှု၊ ခေါင်းပုံဖြတ်မှု၊ မတရားမှုတွေကိုတော့ ကုသိုလ်ကံ နဲ့ မနှိုင်းချင်ဘူး။ အခြေအနေနဲ့ အခွင့်အလမ်းတို့ကြောင့်လို့ပဲ သဘောထားချင်ပါတယ်။ 

ဆိုလိုချင်တဲ့အကြောင်းရင်းတောင်ပျောက်လုနီးပါးဖြစ်သွားပြီ .... ကဲ့ပါလေ။ တကယ်ပြောချင်တာကတော့ လူ တွေ (မိမိထက် တစ်ဆ၊ နှစ်ဆပိုပြီး ဒုက္ခရောက်သူများ) ကိုတော့ မိမိတို့က တတ်နိုင်တဲ့ဘက်မှ ကူညီဖို့ အသင့် ဖြစ်နေရမယ်လို့ ယူဆမိပါတယ်။ မိမိတတ်နိုင်တဲ့ဘက်ကလို့ပြောရင် လွယ်လွယ်လေးသဘောပေါက်မှာပါ။ မိ မိမှာ တစ်ခုရှိရင် တစ်ဝက်ခွဲပေးဖို့၊ တစ်ဝက်ပဲရှိရင် တစ်စိတ်လောက်ခွဲပေးဖို့ ဆိုတဲ့သဘောပါပဲ။ 

သူတစ်ပါးကို မိမိနိုင်သလောက်လုပ်ပေးရတာ၊ ပေးဆက်ရတာဟာ ကောင်းမှုတစ်ခုပြုလုပ်တာနဲ့ တူတူပါပဲ။ ပေးဆပ်ခြင်းတိုင်းမှာလည်း ရယူလိုတဲ့ဆန္ဒမရှိဖို့အရေးကြီးနေပြန်တယ်။ မိမိကသာ ပေးနေရပြီး သူတစ်ပါးဆီ မှ ဘာတစ်ခုမှ လက်ခံရရှိခြင်းမရှိဘူးလို့လည်း စိတ်မထားသင့်ဘူး။ 

အရွယ်ရလာလို့ အသိဥာဏ်တွေရလာတဲ့အခါမှာ နဂိုထားရှိတဲ့စိတ်ဓါတ်လေးဟာ ပြောင်းလဲမသွားဘူးဆိုတာ သိနေရတယ်။ အခြေအနေတွေပြောင်းလဲသွားတာတော့ ၀န်ခံပါတယ်။ သို့သော် မိမိဘ၀နဲ့ဇာတိကိုတော့ ဘယ်တော့ ပြောင်းလဲမသွားစေဘူး။ လုပ်လက်စအလုပ်တွေကို ဆက်လက်လုပ်ကိုင်သွားပါ့မယ်။ ရှိနေပြီးသား စိတ်ဓါတ်ကလေးကိုလည်း ဒိထက်ပိုပြီးခိုင်မြဲတည်တံ့နေအောင် တည်ဆောက်သွားမယ်လေ။

Monday, July 26, 2010

ပြောင်းလဲတတ်တဲ့ သဘာဝလေး


 
"အဖြေူရောင်မိုးကောင်းကင်ကြီးအောက်က ဆေးရောင်စုံခြယ်သထားတဲ့ လူသားများ"
တိတ်ဆိတ်ငြိမ်သက်နေတဲ့မိုးကောင်းကင်ကြီးအောက်မှာ လူသားများက မိမိတို့ဘ၀တွေကိုအရောင်စုံဆေး များခြယ်သလျက်ပါပဲ။ တချို့က ရိုးသားဖြူစင်ကြတယ်။ တချို့က ကောက်ကျစ်မဲနက်ကြတယ်။ တချို့က စိမ်း ကားမာနကြီးကြတယ်။ တချို့က ဒေါသမီးလိုလောင်ကျွမ်းနေကြတယ်။ တချို့ကလဲ အေးဆေးပြီး ငြိမ်းချမ်းတဲ့ အပြာလေးကိုဆောင်ထားကြတယ်။

အရောင်စုံဆေးများခြယ်သထားတဲ့ လူသားများရဲ့စိတ်အာရုံတို့ကလည်း မျိုးစုံတဲ့အရောင်အဆင်းတွေ ဖြစ်ပေါ် လျက်ပါပဲ။ အေးချမ်းတည်ငြိမ်သလို၊ ဆူပူလောင်ကျွမ်းနေကြတယ်။ ပျော်ရွှင်ကြည်နူးနေကြသလို၊ ၀မ်းနည်းပူ ဆွေးနေကြတယ်။

တဖန်အသက်အရွယ်၊ အချိန်အခါနဲ့လိုက်ပြီး လူသားတို့ရဲ့စိတ်အာရုံ ဒါမဟုတ် အရောင်အဆင်းတို့လည်း လိုက်ပြီးပြောင်းလဲတတ်ကြတယ်။ ငယ်စဉ်အခါကဖြူစင်ခဲ့သလို၊ အပျိုလူပျိုဖြစ်လာတော့လည်း အပြာရောင် စိတ်တွေဝင်လာတတ်သလို၊ ချစ်ခင်မြတ်နိုးတတ်တဲ့ အရွယ်ရောက်တော့ ပန်းနုရောင်အဖြစ်သို့ ပြောင်းလဲ သွားတတ်ကြသလို၊ အဲဒီကာလကိုကျော်လွန်ရင်တော့ ပန်းရင့်ရောင်ဖြစ်တဲ့ အိမ်ထောင်သည်ဘ၀ကိုဆိုက် ရောက်သွားကြတယ်။ အရောင်လေးတွေဟာ တဖြည်းဖြည်းနဲ့ရင့်လာကြတယ်ဆိုပါတော့။

ပူပင်သောကရောက်ရတဲ့ဘ၀ကိုရောက်တော့ အနီရောင်လေးအဖြစ်ပြောင်းလဲသွားတတ်ကြတယ်။ အရာ အားလုံးကိုဒေါသ၊ မောဟတွေနဲ့ဖြေရှင်းလို့ ရတဲ့အပိုင်းရှိသလို၊ ဖြေရှင်းလို့မရတဲ့အပိုင်းလေး တွေလည်းရှိနေ တတ်ကြတယ်။ လုံးဝသည်းခံခွင့်လွှတ်လို့မရတဲ့ အခြေအနေတွေကိုရောက်တော့ အနက်ရောင်လေးအဖြစ် ပြောင်းလဲသွားတတ်ကြတယ်။ နောက်ဆုံးတော့ တစ်ဦးမျက်နှာကိုတစ်ဦး မကြည့်ချင်တော့တဲ့ အခြေအနေ လေးတစ်ခုဆီကို ရောက်သွားကြတာပေါ့။

ဒီလိုပါပဲ .... လောကကြီးထဲမှာရှိနေကြတဲ့လူသားများဟာ မိမိတို့ကိုယ်ကို အရောင်စုံလေးတွေခြယ် သထားကြ ပါတယ်။ တစ်သက်လုံးအဖြူရောင်စစ်စစ်နဲ့ သွားနိုင်တဲ့လူတွေကရှားပါတယ်။

အဖြူရောင်မိုးကောင်းကင်ကြီးအောက်မှာ လူသားများဟာအေးချမ်း တည်ငြိမ်တဲ့အဖြူရောင် လေးတွေနဲ့ တစ် ဦးနဲ့တစ်ဦးချစ်ချစ်ခင်ခင်၊ ဖေးမကူညီ၊ အားပေးနှစ်သိမ့်ရင်း နေသွားကြမယ်ဆိုရင် လောကကြီးတစ်ခုလုံး အတွက်အဓိပ္ပါယ်ပြည့်စုံပါပြီ။

Wednesday, October 21, 2009

ရှေ့ပြေးနေတဲ့အတွေးများ


အင်း ... ဘ၀မှာဖြစ်ချင်တာတွေများလွန်းအားကြီးတော့ နောက်ဆုံးမှာ ဘာတစ်ခုမှဖြစ်မလာပဲ လောကဓံရဲ့ပူပြင်းမှု နဲ့အတူကျန်ရစ်လေသူပေါ့။ အရာရာကို ကိုယ်ကဖြစ်ချင် လွန်းလို့ ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်ဓါတ်အပြည့်ရှိရဲ့ပါ နဲ့ ဘာဖြစ်လို့ ဘာတစ်ခုမှဖြစ်မလာတာလဲလို့တွေးမိပါ တယ်။ အဖြေကတော့ ကိုယ်ကပဲညံ့လို့ဖြစ်တယ်။ ဖြစ်ချင်၊ ရချင်ပေမယ့် ဇွဲမရှိ၊ ကြိုးစားအားထုတ်ခြင်းမရှိတော့ ဘာ ဖြစ်ရမှာလဲ။ နောက်မှာပဲကျန်ရစ်မှာပေါ့။ သူများခိုင်းဖို့ အတွက်ပဲကျန်ရစ်တော့တာပေါ့။

သြော် ... လူ့ဘ၀ဆိုတာ ရွေးချယ်ပြီးမွေးဖွားခွင့်မရှိပေမယ့် ရွေးချယ်ပြီး ဘ၀ကိုဖန်တီးခွင့်တော့ရှိတယ်။ ဒါကိုယုံကြည် နေတဲ့ကာလပတ်လုံးမှာ လူ့ဘ၀မှာဘာမှဖြစ်မလာဘူးဆို တာထက် ဘာမှဖြစ်မလာသေးဘူးလို့ပဲပြောရင် သင့်တော်မှာပဲနော်။ အသက်ရှင်နေသေးတဲ့ကာလမှာ တစ်ခုခု တော့ဖြစ်လာမှာပါ။ အဲ ဖြစ်ချင်တဲ့အရာများထဲက တစ်ခုပေါ့။ လူတိုင်းမှာမျှော်လင့်ချက်၊ ရည်ရွယ်ချက်ဆိုတာတွေ ရှိကြတာပဲလေ။ အဲဒီမျှော်လင့်ချက်၊ ရည်ရွယ်ချက်တွေကို အကောင်အထည်ပေါ်လာစေလို့တဲ့လူတွေချည်းပဲဆို တော့ အကောင်းဆုံးကိုရည်ရွယ်ကြံဆပြီး၊ ကြိုးစားလုပ်ဆောင်သွားရင် ဘာမဆိုတချိန်ကျရင် ဖြစ်ကိုဖြစ်လာမှာပဲ။ အဲဒါကိုယုံကြည်ထားပါတယ်။
Image and video hosting by TinyPic


Monday, October 19, 2009

ဆောင်းမဟုတ်သော ဆောင်းရာသီသို့

သြော် ....... ဘာရယ်မှမဟုတ်သလိုလိုနဲ့ ဆောင်းရာသီသို့ကူးပြောင်းဝင် လာခဲ့ပြီ။ မိုးရာသီဆိုတာကာလတစ်ခုကို ငြီးငွေ့စွာကျော်ဖြတ်ခဲ့ပြီးပေ မယ့် အခုကူးပြောင်းဝင်လာတဲ့ဆောင်းရာသီကိုလည်း မိုးစက်လေးများ နဲ့ ဖြတ်သန်းနေရဆဲပါပဲ။ ကျမတို့နေထိုင်တဲ့ထိုင်းနိုင်ငံတောင်ပိုင်းမှာ ၁၂ ရာသီမိုးရွာလေ့ရှိတယ်၊ နွေရယ်၊ ဆောင်းရယ်လို့ သိပ်မထင်ရှား ဘူး။ ဒါကြောင့် တောင်ပိုင်းကိုရောက်တာနဲ့ စိုစွတ်နေတဲ့အထိ အတွေ့ လေးကိုခံစားကြရမှာပါ။

ကျမတို့ဒေသမှာ အခုဆိုရင် တရက်တည်းမှာ ရာသီဥတုဒဏ်သုံးခုကို တပြိုင်တည်းခံနေရပါတယ်။ ညမိုးချုပ်ကစ ပြီး မနက်အစောပိုင်းအထိ အေးစက်တဲ့ဆောင်းလေပြေလေညှင်းဒဏ်ကိုခံရတတ်ပြီး၊ နေ့လည်ပိုင်း ကျတော့ တခါအရေသားကျက်မတတ်ပူပြင်းတဲ့နေပူဒဏ်ကိုခံရပြန် ရော၊ မွန်းလွဲပြီးညနေအေးမတိုင်ခင်အထိပြန်တော့လည်း မိုးတွေရွာချ ပါလေရော။ ကဲ ...... စုံနေရောပဲမဟုတ်လား။

ဒီလိုဆောင်းကာလကိုရောက်လာတိုင်း ငယ်ငယ်တုန်းကနေခဲ့ဖူးတဲ့တောရွာလေးကိုသတိရလိုက်တာ။ အခုချိန် လောက်ဆိုရင် ဟိုမှာအရမ်းအေးစက်နေတော့မှာပဲ။ အခုလိုမျိုးမိုးလည်းရွာမှာမဟုတ်ဘူး၊ တောတောင်ကြားမှာ ဖြစ်တဲ့အတွက်ကြောင့် မြူနှင်းစက်များဝေဆာနေတော့မှာသေချာတယ်၊ ဒီအချိန်ဆိုရင် ရေမိုးမချိုးရဲကြတော့တဲ့ ကာလလည်းဖြစ်တယ်။ အဲဒီအခါကျရင် ရေနွေးတည်ပြီးချိုးကြတာကိုလည်း သတိရနေမိတယ်။ အနွေးထည်အထူ ကြီးတွေဝတ်နေကြတာကိုလည်း သတိရတယ်။ ညဘက်ဆိုရင်လည်း မီးပုံကြီးတွေပုံပြီး မီးလှုံကြရင်း ပြောင်းဖူး၊ ထမင်းချမ်းခဲ၊ ကန်စွန်းဥ၊ ပီလောပီနံဥတွေကိုဖုတ်စားကြတဲ့အချိန်လေးကို အရမ်းလွမ်းမိတယ်။

ညအိပ်ရာဝင်တိုင်း မောင်နှမများကြားတိုးအိပ်ရတဲ့အရသာဟာ သိပ်ကိုနွေးထွေးလွန်းပါတယ်၊ စောင်တွေက လည်း တစ်ယောက်ကိုသုံးလေးငါးထည်စီလောက်ပိုင်ထားကြတာ။ အမေကတော့ ကျမတို့အားလုံးရဲ့အိပ်ယာ အောက်တည့်တည့်မှာ မီးငွေ့ငွေ့လေးပုံပေးထားတတ်တယ်။ ဒါဆို ပိုပြီးနွေးထွေးစွာအိပ် ကြရတာပေါ့။ အဲဒီအခါ ကျရင် လုံးဝမလှုပ်ရဲပဲအိပ်ကြတော့တာပဲ။ လှုပ်ရင် စောင်တွေလွတ်ကုန်မှာစိုးလို့၊ ပြီးတော့ခြေဖျားလက်ဖျားလေး တွေဆောင်းလေထိရင် အေးစက်ကိုက်ခဲလာရင် လွယ်လွယ်နဲ့ပြန်မနွေးနိုင်ဘူး။

ကြူထရံ၊ ကြမ်းခင်း ၀ါးအိမ်လေးမို့ ဆောင်းတွင်းတိုက်ခတ်နေတဲ့လေပြေလေးဟာ အိမ်ထဲကိုအလုအယက်ပြေး ၀င်တိုးဝှေ့နေကြတာကိုး။ တောသဘာဝအတိုင်း သူ့ရာသီနဲ့သူလိုက်ဖက်စွာနေထိုင်ခဲ့ဖူးတဲ့ဒေသလေးကို အရမ်းပဲ လွမ်းမိတယ်နော်။ အခွင့်အလမ်းရှိသေးရင် တခေါက်လောက်တော့ပြန်သွားချင်သေးတယ်။

အခုလိုမူမမှန်တဲ့ ရာသီဥတုဒဏ်ကိုခံနေရရင်း ဒီဒေသမှာမူမမှန်တဲ့ပတ်ဝန်းကျင်ကို ကျမအလွန်ပဲစိတ်ပျက်နေမိ တယ်။ ရွေးချယ်စရာတွေအများကြီးရှိရင် ဟောဒီဒေသမှာကျမတစ်ယောက်အခုလောက်ဆို အရိပ်တောင်မမြင်ရ တော့ဘူးထင်တယ်။

နွေးထွေးစွာဖြင့်
Image and video hosting by TinyPic