Showing posts with label မွေးနေ့ဆုတောင်း. Show all posts
Showing posts with label မွေးနေ့ဆုတောင်း. Show all posts

Monday, March 7, 2011

ကျေးဇူးပါ ဖေဖေနဲ့မေမေ

မွေးနေ့တစ်ခေါက်ရောက်ခဲ့ပြန်ပြီ။ အသက်လေးလည်း တစ်ဖြည်းဖြည်းကြီး လာပြန်ပြီ။ အသက်ကြီးလာလေလေ မိဘရဲ့ကျေးဇူးကို နားလည်လာလေပါ ပဲ။ စိတ်ထဲမှာလည်း မိဘနှစ်ပါးကိုအစဉ်အမြဲသတိရလျက်ပါပဲ။ အနေဝေးကြ ပေမယ့် စိတ်ချင်းအမြဲအဆက်အသွယ်ရှိနေတယ်။ အထူးသဖြင့် မွေးနေ့မှာ ဆိုရင် မိဘတို့ကိုအရင်ဆုံးကန်တော့ဦးချစမြဲပဲ။ 

မွေးနေ့ရောက်တိုင်း ကျမကိုမွေးဖွားစဉ်က အဖြစ်အပျက်ကလေးများကို ပြော ပြခဲ့ဖူးတဲ့ မေမေ့စကားသံလေးတွေကို ကြားရောင်နေမိတယ်။ ပူပြင်းတဲ့ရာသီ မှာမွေးဖွားတဲ့သူမို့ အေးချမ်းခြင်းကို အထူးမြတ်နိုးတာ ဖြစ်မယ်။ ရေရှားပါးတဲ့ ကာလမှာမွေးဖွားတဲ့သူမို့ ရေဆိုသိပ်ကြိုက်တယ်။ အထူးသဖြင့် ရေတံခွန်ရေ နဲ့ မိုးရေပေါ့။

မွေးနေ့မှာတော့ ဘာမှထွေထွေထူးထူးမလုပ်ဖြစ်ပါဘူး။ အိမ်မှာပဲဘုရားဆွမ်းတော်ကပ်ပြီး ပြီးသွားတာပါတယ်၊ အရင်နှစ်တွေကလို သူငယ်ချင်းတွေနဲ့ ပါတီလေးလုပ်၊ ကိတ်မုန့်မီးမှုတ်တာမျိုးတော့ မလုပ်ဖြစ်ဘူး။ ဒါကလည်း ကိုယ့်ရွေးချယ်မှုဖြစ်ပါတယ်။ ဒီနှစ် ဘာမဆိုအေးအေးဆေးဆေးပဲဖြစ်စေချင်တာမို့ မွေးနေ့မှာလည်း စိတ်ရော ကိုယ်ပါ အေးချမ်းနေစေချင်မိတယ်။ အလုပ်နားရက်ဖြစ်တာမို့ ပိုပြီးအေးဆေးလေး ဖြစ်သွားပါတယ်။ 

လိုအင်ဆန္ဒပြည့်ဝပါစေလို့ဆုတောင်းသော်လည်း ပြည့်ဝတယ်ရယ်လို့မဟုတ်သေးဘူး။ တခါတလေမှာတော့ တိုက်ဆိုင်မှုလေးတွေက ရှိတတ်ပါတယ်။ မွေးနေ့မတိုင်မီတနေ့ကတည်းက နေမကောင်းချင်သလိုဖြစ်ခဲ့တယ်။ ဒါကြောင့် မွေးနေ့မှာရော နောက်တစ်နေ့တွေမှာပါ မသက်မသာဖြစ်ခဲ့ရတယ်။ အဲတော့ ဘယ်လိုပြောရမလဲ ပိုပြီးအေးဆေးသွားတာပေါ့။ ဘယ်မှသွားစရာမလို၊ ဘာမှလည်းလုပ်စရာမလိုတော့ပဲ အိပ်ယာထဲမှာပဲ အိပ်နေ လိုက်တာပဲ။ 
 
ဘ၀မှာ ရှိသမျှလေးနဲ့ ကျေနပ်ပါတယ်။ ရသမျှလေးနဲ့လည်း ကျေးနပ်မိတယ်။ ဘာမှကြီးကြီးကျယ်ကျယ်တွေ မ လိုအပ်ဘူးဆိုတာ ကိုယ့်ကိုယ်ကိုသိနေပါတယ်။ အဓိက ကိုယ်ရော ကိုယ့်ပတ်ဝန်းကျင်တစ်ခုလည်း အေးချမ်းမှု တွေနဲ့ ပြည့်ဝဖို့ပါပဲ။  ကိုယ်နိုင်တာလေးကိုလုပ်၊ ကိုယ်တတ်သမျှ အများကိုဝေငှပြီး ကိုယ်ရှိသလောက်နဲ့ ဘ၀ ကို အေးချမ်းစွာတည်ဆောက်ရနိုင်မယ်။ 

မွေးနေ့အတွက် လာရောက်ဆုမွန်ကောင်းပို့သပေးတဲ့ ဆရာသမား၊ လူကြီးမင်းများ နှင့် မိတ်ဆွေ၊ သူငယ်ချင်း၊ ညီအစ်ကိုမောင်နှမများအားလုံးကို အထူးကျေးဇူးတင်ပါတယ်။

Saturday, June 19, 2010

Thursday, March 4, 2010

မွေးနေ့မှာ ပျော်ရွှင်ပါစေ

5 March 2010 ... နေ့ဟာ ကျမရဲ့ ၂၇ နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်။ မွေးနေ့ရောက်တိုင်း ပထမဦးဆုံးအနေနဲ့ ကျမရဲ့ မိဘနှစ်ပါးကို အဝေးကနေစိတ်ထဲက ကန်တော့လိုက်ပါတယ်။ ဒုတိယအနေနဲ့ကတော့ ကျမရဲ့ခင်ပွန်း သည်ကို စိတ်ထဲကနေကန်တော့လိုက်ပါတယ်။ လူတိုင်းအတွက် ကိုယ့်မွေးနေ့ရောက်တိုင်း ကိုယ်ရောစိတ်ပါ ကျန်းမာပျော်ရွှင်ခြင်း၊ လိုအင်ဆန္ဒများပြည့်ဝခြင်းတို့ကို အဓိကဆုတောင်းကြတယ်၊ ဆုမွန်ကောင်းပို့သကြလေ့ ရှိတယ်။ ကျမအတွက်လည်း ဒီအတိုင်းပါပဲလေ ....။ 

လူ့လောကထဲရောက်တာ အခုဆိုရင် ၂၇ နှစ်တောင်ရှိသွားပြီ၊ လောကကောင်းကျိုး၊ အများသူကောင်းကျိုး၊ ကိုယ့်ကောင်းကျိုးစတာတွေကို တချို့တ၀က်တော့လုပ်ခဲ့ပါပြီ ... ဆက်လက်ပြီးအသက်ရှင်နေသရွေ့ အဲဒီလို ... ဒါမှမဟုတ် အဲဒီထက်ပိုမိုကောင်းမွန်တဲ့ ကောင်းကျိုးများကို ဆက်လက်ပြီးဆောင်ရွက်သွားရအုံးမယ်။ လူ့ဘ၀ ဟာရခဲပါတယ်၊ ရခဲတဲ့လူ့ဘ၀မှာလည်း အတိတ်ကကုသိုလ်ကံ၊ အကုသိုလ်ကံများရဲ့အကျိုးတွေကို ဒီဘ၀မှာ ၀ဋ်ကြွေးပြန်လည်ဆပ်နေကြရပါတယ်။ ပြီးတော့ နောင်သံသရာဝဋ်ကြွေးထက်ပြီးမဆပ်ရလေအောင် ဒီဘ၀ မှာ ကောင်းမှုကုသိုလ်များကို သဒ္ဒါစိတ်ဖြင့် လုပ်နိုင်အောင်ကြိုးစားရအုံးမယ်။

ကျမမွေးနေ့တိုင်းမှာ ကြီးကြီးကျယ်ကျယ်မွေးနေ့ပွဲကျင်းပခဲ့တာမရှိခဲ့ပါဘူး။ တော်ရုံသင့်ရုံပဲ သူငယ်ချင်း၊ မိတ် ဆွေအပေါင်းအသင်းတို့ကိုကျွေးမွေးတာကလွဲရင် ကလေးငယ်လေးတွေကိုအစားအသောက်လှူတန်းတာပဲ လုပ်နိုင်ခဲ့တယ်။ ဒါကိုလည်း ကျမအနေနဲ့အလွန်ကြည်နူးမိခဲ့ပါတယ်။ ဒီလောက်ဆိုရင် ကျမအတွက်ပျော်ရွှင်မှု တွေရနိုင်ပါပြီ။

မွေးနေ့ရောက်တိုင်း လူတိုင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ ... ကျမလည်းပျော်ရွှင်ချမ်းမြေ့ပါစေ ..... 

Monday, December 21, 2009

Happy Birth Day to ချစ်သောခင်ပွန်းသည်


21 December 2009 ..... 
ဒီနေ့ဟာ ကျမနဲ့အမြဲ ကောင်းအတူ၊ ဆိုးအမျှ ခံစားတတ်သူ၊ အခက်အခဲပြဿနာများကို ကျမရှေ့ကအမြဲ မားမားမတ်မတ်ရပ်တည် နေတဲ့သူ၊ ကျမရဲ့အမှားများကိုအစဉ်ခွင့်လွှတ်နားလည်ပေးတတ်သူ၊ ကျမရဲ့မိဘ မောင်နှမနဲ့အသိုင်းအ၀ိုင်းကို ချစ်ခင်တွယ်တာသူ၊ ကျမ ရဲ့အနာဂါတ်ကို အမြဲရည်မှန်းချက်ကြီးကြီးထား တတ်သူ၊ ပြီးတော့ ကျမကိုသိပ်ချစ်တဲ့ ခင်ပွန်းသည်ရဲ့ မွေးနေ့ဖြစ်တယ် ........ သူ့မွေးနေ့ မှာ ကျမဘာမှမလုပ် ပေးနိုင်သော်လည်း သူ့အနားမှာအမြဲရှိတာ အမှန်ပါ။ သူ့မွေးနေ့ကိုရောက်မှ ထူးဆန်းတဲ့တစ်စုံတစ်ရာကို လုပ် ပေးလေ့ရှိတာ တော့မဟုတ်ဘူး။ နေ့စဉ်နဲ့အမျှ ကိုယ့်ဘက်ကတတ်နိုင်တာလေးတွေကိုတော့ လုပ်လေ့ရှိပါ တယ်။

သူကြိုက်တတ်တဲ့ထမင်းဟင်းချက်ကျွေးတယ်၊ မနက်တိုင်းသူ့အတွက် ကော်ဖီနဲ့မုန့်ပြင်ပေးတယ်၊ သူ့အ၀တ် အစားများကိုလျှော်ပေး၊ မီးပူတိုက်ပေးတယ်၊ သူ့ပစ္စည်းပစ္စယများကို သေသေချာချာသိမ်းဆည်းပေးတယ်၊ သူနေထိုင်မကောင်းဖြစ်တဲ့အခါ သူ့ကိုနှိပ်ပေး၊ နင်း ပေးတယ်၊ ဆေးတိုက်တယ်၊ ပြီးတော့ ဘယ်ပဲသွားသွား သူမပါရင်မသွားတတ်ဘူး။ ဒါဟာ သူနဲ့ပေါင်းသင်းပြီးကတည်းကဖြစ်ပေါ်လာ တဲ့သံယောဇဉ်ပါပဲ။ 

သူ့မိဘနဲ့မောင်နှမ၊ ဆွေမျိုးအသိုင်းအ၀ိုင်းတွေကိုလည်း ကျမကိုယ့်မိဘနဲ့မောင်နှမ၊ ဆွေမျိုးအသိုင်းအ၀ိုင်း တွေလိုသဘောထားပါတာ သူအသိဆုံးပါပဲ။ သူ့မိဘ၊ ကိုယ့်မိဘနဲ့ပတ်သက်လာရင် ကျမတို့ဇနီးမောင်နှံဟာ အထွေအထူးတိုင်ပင်စရာမလိုအောင် အလိုက်သိပြီး သားဖြစ်တယ်။ အဲဒါကလည်း ကျမတို့ဘ၀အတွက် ကြည်နူးစရာအကောင်းဆုံးပါပဲ။ 

ကျမနဲ့ပတ်သက်ပြီး သူတပါးတို့က အကောင်းပြောတာဖြစ်စေ၊ မကောင်းပြောတာဖြစ်စေ သူဂရုမစိုက်ခဲ့ဘူး၊ ဒါကြောင့်လဲဆိုတော့ ကျမအကြောင်းကို သူကောင်းကောင်းသိတယ်။ ကျမမှာ အခြားမိန်းကလေးတွေနဲ့မ တူတဲ့ ကိုယ်ကျင့်သိက္ခာများစွာထိမ်းသိမ်းတတ် ခြင်း၊ သူတပါးကိုမကောင်းမကြံ၊ မပြောတတ်သလို၊ သူတပါး ကောင်းစားရေးကိုလည်း ဘယ်တော့မှမနာသ၀န်တိုမဖြစ်ဘူးဆိုတာ သူ အပြည့်အ၀ယုံကြည်ထားတယ်။ သူ တပါးတို့ရဲ့ စကားအသယ်အပို့ကြောင့် ကျမအမြဲစိတ်ဆင်းရဲမှုဖြစ်ရတဲ့အခါ သူက ကျမကို လောကီ တို့ရဲ့အမှား ကို ခွင့်လွှတ်တတ်ရန် သွန်သင်တတ်တယ်။ အဲဒါကြောင့် ကျမဘ၀ဟာ တည်ငြိမ်စွာပင် ရပ်တည်နေနိုင်ခဲ့ပြီ။ 

 ဒါကြောင့်မို့ သူ့ရဲ့မွေးနေ့တိုင်း (သို့) နေ့ဓဒူဝတိုင်းမှာ ကျမဟာ သူ့အနားမှာအမြဲပဲ တစ်သက်လုံးရှိသွားပြီး သူ့ဘ၀အေးချမ်းသာယာမှု များကို အစဉ်ပေးစွမ်းနိုင်သူဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းလျက်  ..........

ချစ်ဇနီး
Image and video hosting by TinyPic