Thursday, May 6, 2010

တွေ့ရင် အဆူခံနေကြ

၂၀၀၁ ခုနှစ် နှစ်ဦးပိုင်းလေးမှာပဲ ကျမထိုင်းနိုင်ငံကန်ချနဘူရီမြို့၊ စံခလဘူရီကိုရောက်လာခဲ့တယ်။ အဲဒီအချိန် မှာ စံခလဘူရီမြို့ပေါ်ရှိ အတိုက်ခံအဖွဲ့အစည်းများက လူကြီး၊ လူငယ်များနဲ့တွေ့ဆုံခွင့်ရခဲ့တယ်။ အဲဒီလူအများ ထဲမှာ ဦးငြိမ်း လည်းပါခဲ့ပါတယ်။

ကျမတို့က အဲဒီအချိန်တုန်းကဆိုရင် အသက် ဆယ့်ရှစ်၊ ဆယ့်ကိုးနှစ်ပဲရှိသေးတာမို့ လူငယ်သဘာဝအတိုင်း ပျော် တတ်၊ ပါးတတ်ခဲ့ကြတယ်။ အဖွဲ့အစည်းအသီးသီးကလူငယ်တွေနဲ့ တဖြည်းဖြည်းရင်းနှီးလာတာနဲ့ အုပ်စု ဖွဲ့ကာ ဟိုသွား၊ ဒီသွား၊ ဟိုလည်၊ ဒီလည်။ အားနေရင်လည်း စာဖတ်တာမရှိဘူး၊ အဖော်တွေရှိရာကိုရှာပြီး ၀ိုင်း ဖွဲ့ကာမရေရာတာတွေပြောကြ၊ ရယ်ကြ။ အဲဒီလိုဖြစ်နေကြတာကို မကြိုက်ဆုံးဖြစ်တဲ့သူကတော့ ဦးငြိမ်းပါပဲ။ သူက ကျမတို့ကို အားနေရင် စာဖတ်နေတာတို့၊ စာရေးနေတာတို့၊ တိုးတက်မှုဆိုင်ရာတစ်ခုခုကို လေ့လာ နေတာတို့ပဲ လုပ်နေတာမြင်ချင်တယ်။ အလကားနေ အလကားဖြစ်နေ ကိုတော့ သူလုံးဝမကြိုက်ပုံရတယ်။ 

ကျမတို့ကလည်း နောက်ပိုင်းဆိုရင် သူ့တွေ့တာနဲ့ အုပ်စုခွဲရှောင်ပြေးကြတော့တာပဲ။ သူအမြဲသွားလာနေကျ နေရာတွေကို ကျမတို့မသွားတော့ဘူး၊ ရုံးမှာနေရင်လည်း သူလာတာတွေ့တာနဲ့ စာအုပ်တစ်ခုခုကိုကိုင်ပြီး ဟန်ဆောင်ဖတ်နေတော့တာပဲ။ 

နောက်ပိုင်းကျတော့ ကျမတို့လူငယ်တွေတိုးတက်မှုဖြစ်စေအောင် လစဉ်လူငယ်ဆွေးနွေးပွဲလေးတွေလုပ်ပေး ခဲ့ကြတယ်။ အဲဒီအချိန်မှာ လူငယ်တွေလွတ်လပ်စွာထုတ်ဖော်ပြောဆိုခြင်းတို့၊ လူငယ်နဲ့ဆောင်ခေါင်းခြင်းတို့၊ လူငယ်နဲ့ဝေဖန်ရေးတို့၊ လူငယ်နဲ့စာပေဆွေးနွေးခြင်းတို့ စတာတွေကို လစဉ်လတိုင်း ခေါင်းစဉ်မထပ်အောင်၊ မငြီးငွေ့အောင် ဦးငြိမ်းအပါအ၀င် ကျန်တဲ့လူကြီး၊ လူလတ်ပိုင်းတွေက စီစဉ်ခဲ့ကြတယ်။ 

အဲဒီတော့ ကျမတို့တစ်တွေက နောက်ပိုင်းမှာ အရင်လိုလွတ်လပ်စွာစုဝေးလို့မရတော့ဘူး။ အလုပ်ချိန်မှအပ ကျန်တဲ့အချိန်တွေတိုင်းမှာ လူငယ့်ဆွေးနွေးပွဲနဲ့ပတ်သက်တဲ့အချက်အလက်တွေရှာဖွေကြရတယ်။ ဆွေးနွေး ကြရတယ်။ လေ့လာကြရတယ်။ မလုပ်ရင် ဦးငြိမ်းကတွေ့တာနဲ့ ဆူတော့တာပဲ။ `မင်းတို့က တိုးတက်ခြင်းကို မလိုလားကြတဲ့ ကောင်တွေပဲ´ တဲ့။ အဆူခံရပုံက .... သူ့ဆုံးမမှုက အင်မတန် တန်ဖိုးရှိပါတယ်။ လူငယ်တွေကို စဉ်းစားတွေးခေါ်တတ်အောင် ပြောတာပဲဖြစ်ပါတယ်။ 

သူကလူငယ်တွေနဲ့တရင်းတနှီး၊ တရောတ၀င်မနေပေမယ့် လူငယ်တွေအတွက်တိုးတက်ရာတိုးတက်ကြောင်း ကိုတော့ အမြဲတမ်းတရင်းတနှီး ဆောင်ရွက်ပေးလေ့ရှိသူတစ်ယောက်ဖြစ်တယ်။ သူ့မှာ ငယ်လူတွေနဲ့ပတ် သက်ပြီး ယုံကြည်မှုတွေရှိနေတယ်။ 

၂၀၀၂ ခုနှစ် နှစ်ဆန်းပိုင်းမှာ ကျမနဲ့ အပေါင်းအသင်းအားလုံးခွဲခွာခဲ့ကြရတယ်။ ကျမလည်းဘန်ကောက်ကို ရောက်လာခဲ့တယ်။ နောက်ပိုင်း စံခလဘူရီမြို့ပေါ်မှာ အဖွဲ့အစည်းတွေနေထိုင်ခွင့်မရတော့ဘဲ အားလုံးပြောင်း ရွှေ့ကြရပါတယ်။ အဖွဲ့အစည်းအတော်များများကတော့ မဲဆောက်ဒေသကိုရောက်သွားခဲ့ကြပါတယ်။ ၂၀၀၃ နှစ်ဦးပိုင်းမှာ ကျမတို့ပြန်လည်တွေ့ဆုံခဲ့ကြတယ်။ သို့သော် ခဏပဲဆုံခွင့်ရပြီး ကျမရနောင်းကိုပြောင်းသွားခဲ့ရ တယ်။ အချိန် တစ်နှစ်ကျော်ကျော် နှစ်နှစ်နီးပါးလောက်ကြာသွားပြီးမှ ကျမနဲ့ ဦးငြိမ်းနောက်ဆုံးပြန်လည်တွေ့ ဆုံခဲ့ကြတာကတော့ စံခလဘူရီမြို့မှာပဲဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်နှောင်းပိုင်းလေးမှာပေါ့၊ ကျမက ဆူနာမိဒေသ ကိုသွားဖို့ ပြင်ဆင်နေချိန်မှာ ဦးငြိမ်းက ကျမရဲ့မိဘတွေထံလာပြီး ကျမသွားမယ့်ခရီးစဉ်အတွက် သူအာမခံပေး တယ်ဆိုတဲ့အကြောင်းလာရောက် တွေ့ဆုံခဲ့ခြင်းဖြစ်ပါတယ်။

အဲဒီအချိန်ကစပြီး `ဦးငြိမ်း ဆုံးပြီ´ ဆိုတဲ့အချိန်အထိ ကျမတို့ ထပ်မဆုံဖြစ်တော့ဘူး။ နောက်ထပ် ထပ်ဆုံစရာ လည်း မရှိတော့ဘူးမဟုတ်လား။ သြော် အလာစောတဲ့ ဦးငြိမ်း ကျမတို့ထက်အသွားစောတာ မဆန်းပေမယ့် သူသိပ်ဖြစ်စေချင်တဲ့ လူငယ်တွေတိုးတက်နေတာကို မမြင်လိုက်ရပဲ သွားနှင့်တာတော့ သိပ်စောလှပါတယ်။

1 comment:

  1. အခုလိုရေးပြတော့ ပိုလို့တောင် ဝမ်းနည်းရပါသေးတယ်...

    နောက်ဆုံးတော့ သူဖောက်ခဲ့တဲ့လမ်း ဆက်လျှောက်လှမ်းဖို့ပဲ ရှိတာပေါ့...

    ReplyDelete

မိတ်ဆွေများအားလုံးပါဝင်ဆွေးနွေးကြတာ ကျေးဇူးတင်ပါတယ်