Saturday, July 24, 2010

အောက်မေ့ဖွယ်

          ၁၉၉၅ ခုနှစ်တုန်းက အဖြစ်အပျက်လေးတစ်ခုကို သတိရမိတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ် တာကာလ တုန်းကလို့ဆိုရင် ပိုမှန်ပါလိမ့်မယ် … ဘ၀ရဲ့ပထမဆုံးနဲ့ တစ်ကြိမ်တခါတွေ့ကြုံခဲ့ ရတဲ့အဖြစ်အပျက်ပေါ့။ ပြန်လည်ပြောပြရင်တော့ အတိတ်ကအကြောင်းမို့ခက်ပေါ့ပေါ့ဖြစ်သွား ခဲ့ပါပြီ။ တကယ်ကြုံတွေ့ခဲ့ရတဲ့အချိန် တုန်းက အလွန်ထိတ်လန့်ပြီး ဘာလုပ်လို့ဘာကိုင်ရမှန်း မသိ ဖြစ်ခဲ့မိပါတယ်။


          ၁၉၉၄ ခုနှစ်မှာ ကျမနဲ့အတူ မိသားစုတစ်စုလုံး ထိုင်း-မြန်မာနယ်စပ် မွန်ဒုက္ခသည် စခန်းတစ်ခုကို ရောက်လာခဲ့ကြတယ်။ ကျမကတော့ အဲဒီတုန်းက အသက် ၁၁ နှစ်ပဲရှိသေး တယ်။ တခါမှ မမြင်ဖူးမတွေ့ဖူးတဲ့ မြန်မာပြည်ရဲ့ဟိုးရှေးရှေးတုန်းက ကျေးရွာငယ်ကလေးတွေ လို တဲအိမ်ကလေးတွေဆောက်ပြီးနေထိုင်ကြရတဲ့ ဆင်းရဲသားလူတန်းစားတစ်စုပေါ့။


          ဒါပေမယ့် အဲဒီလူတန်းစားတစ်စုဟာ ဒုက္ခသည်စခန်း ဆိုတဲ့အရပ်ဌာနမှာ သာမန်ရွာ သူရွာသားများ လို စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့မနေနိုင်ခဲ့ကြတာ ကျမအတွက် မျက် မြင်သက်သေဖြစ်ခဲ့ပါ တယ်။ ရွာရဲ့တည်ဆောက်ပုံ ပုံသဏ္ဍာန်ခြင်းတူကြပေမယ့်လည်း အကြောင်းရင်း နဲ့ အဖြစ်အပျက်တွေကတော့ တခြားစီပါပဲ။ အဲဒီကာလတုံးက စခန်းကလူတွေ ရဲ့ရင်ထဲမှာ ကြောက်ရွံ့ခြင်း၊ စိုးရိမ်ခြင်း၊ ပူပန်ခြင်းတွေပြည့် ကြပ်နေခဲ့ကြပါတယ်။


          ကျမတို့မိသားစုတစ်စုလုံး စခန်းကိုရောက်သွားတဲ့အချိန်မှာ မိုးရာသီကုန်လုဆဲဆဲလေး ဖြစ်နေပြီ။ ဒါကြောင့်မို့ စခန်းရဲ့ပတ်ဝန်းကျင်တစ်ခုလုံးဟာ စိမ်းလန်းစိုပြေနေခဲ့တယ်။ အရာအား လုံးကလည်း အသစ်တွေ ပဲဖြစ်နေဆဲမို့ တစ်ခုခုတော့ ထူးခြားနေပုံပဲလို့တွေးမိခဲ့တယ်။ တစ်ရွာ လုံးက ညနေမီးထွန်း … မိုးချုပ်မီးငြိမ်း လုပ်လေ့ရှိကြတယ်။ မီးညိမ်းတာနဲ့အားလုံးဟာ တိတ် ဆိတ်ငြိမ်သက်သွားတာပဲ။ ကလေးငိုသံတောင်မကြားရ အောင် တိတ်ဆိတ်လွန်းတယ်။


          အကြောင်းကတော့ ကျမတို့မရောက်ခင်သိပ်မကြာသေးခင်ကာလက ဒီစခန်းတည်ခါ စ (အချိန်အတိ အကျတော့မမှတ်မိတော့ဘူး) မွန်ပြည်သစ်ပါတီနဲ့ နအဖစစ်အစိုးရတို့အပစ်ခတ် ရပ်စဲရေးမလုပ်သေးခင် ကာလမှာ တိုက်ပွဲကြီးကြီးကျယ်ကျယ်ဖြစ်ပြီး စခန်းကို နအဖစစ် တပ်က မီးဝင်ရှို့ ခဲ့တယ်။ အဲဒီအချိန်မှာ ရွာလုံး ကျွတ် ထိုင်းနယ်နိမိတ်ထဲကို ၀င်ပြေးခဲ့ကြရတာ ပါ၊ ပြီးတော့ သူတို့ရဲ့အသစ်ကစတည်ထားရတဲ့အိုးအိမ်တွေ ကို ထပ်မံစွန့်လွှတ်ခဲ့ကြရပြန်တယ်။ ပိုဆိုးတာက မိုးရာသီလည်းဖြစ်နေခဲ့တော့ အလွန်အမင်းဒုက္ခရောက် ခဲ့ကြတဲ့ ဒုက္ခသည်များရဲ့ ဘ၀ကို ကျမကောင်းကောင်းနားလည်ခဲ့ပါတယ်။ ကျမတို့ရောက်ခါစတုန်းက စခန်းမီး ရှို့ခံခဲ့ရ တုန်းက ခိုးရိုက်ထားတဲ့ ဓါတ်ပုံနဲ့ပိုစတာတချို့ ကိုတောင်တွေ့ခွင့်ရပါသေးတယ်။


          တချို့ ကလေးတွေဆိုရင် အသက်ထက်အတွေ့အကြုံကပိုများကြတယ်။ သူတို့ငယ်စဉ် ကလေးဘ၀ ကတည်းက ရွာမှာစစ်တပ်က၀င်အနှောင့်အယှက်ပေးလို့ ရွာကိုစွန့်ပြီး နီးစပ်ရာဖြစ် တဲ့ နယ်စပ်ဒေသ ကိုရောက်လာကြတယ်။ နယ်စပ်ကစခန်းတွေကိုပါ စစ်တပ်လိုက်လံပြီး မျိုးစုံ တဲ့ဒုက္ခတွေလိုက်ပေးခဲ့တယ်။ သူတို့ဘ၀ဟာ နေ့စဉ်နဲ့အမျှကြောက်ရွံ့ခြင်းတွေနဲ့ပြည့်နှက်နေခဲ့ ကြတယ်။ ထူးဆန်းတဲ့အသံ၊ မကြားဖူးတဲ့ အသံတွေကြားရင်ဖြစ်စေ၊ မမြင်ဖူးတဲ့အရာ၊ မမြင်ဖူး တဲ့လူတွေကိုတွေ့ရင် ပြေးဖို့ပြင်ကြတာပဲ။ အဲဒီအခြေ အနေတွေကို ကျမတို့ကဘယ်တုန်းအခါ ကမှမတွေ့ဖူး၊ မကြုံဖူးတော့ စောစောပိုင်းကတော့ မသိခဲ့ကြဘူး။ ဒီကကလေးတွေသိပ်တော ကျတာပဲလို့တောင် လှောင်ပြောင်တတ်သေးတယ်။


          တနေ့မှာ ၁၉၉၅ ခုနှစ်၊ နှစ်ဦးပိုင်းမှာ ကျမကနွေရာသီ အသုံးလုံးကျောင်းတက်နေချိန်၊ အဲဒီနေ့မှာ ကျမ ကထမီသိပ်ဝတ်ချင်လွန်းလို့ အမေ့ထမီးအဟောင်းလေးကိုတပိုင်းဖြတ်ပြီး ကျမ နဲ့တော်လောက်တဲ့အနေထား ကိုဝတ်ပြီး ကျောင်းသွားတယ်။ ငယ်လည်းငယ်သေး၊ ထမီလည်း မ၀တ်တတ်ဘူးဆိုတော့ ကို့ယို့ကားယား တော့ဖြစ်ခဲ့တယ်။ စာမတတ်သေးတဲ့သူမို့ သင်ခန်းစာ တွေမလိုက်နိုင်လို့ စိတ်ပျက်လက်ပျက်ဖြစ်နေတုန်း ထူးခြားတဲ့အသံတခုကြားလိုက်မိတယ်။


          အဲဒီအသံကို ကျမကိုယ်တိုင်ကဇဝေဇ၀ါဖြစ်နေမိတယ်။ အမှုမဲ့အမှတ်မဲ့ပြီး သိပ်သတိ မထားမိလိုက်ဘူး။ နောက်ထပ် နှစ်ချက် သုံးချက်ထပ်ကြားရတော့ တကျောင်းလုံးထဲကလူတွေ ထအော်ပြီး ပြေးဆင်းကြတယ်။ အူကြောင်ကြောင်ဖြစ်နေတဲ့ကျမကိုကျတော့ အိမ်နားကအစ်မ တစ်ယောက်က ကျမရဲ့စာအုပ်နဲ့လွယ်အိတ် ကိုကောက်ယူပြီး ကျမလက်ကိုဆွဲပြေးတော့တာပဲ။ `ဘာဖြစ်တာလဲအစ်မ´ မေးတော့ `တိုက်ပွဲဖြစ်နေတယ် .. အမြန်ပြေးမှ´ ဆိုပြီးအိမ်ရှိရာ ဗုံးသံ များနေတဲ့အရပ်ဘက်ကို ဦးတည်ပြေးကြတယ်။ `ဘာဖြစ်လို့ ဗုံးသံကြားတဲ့ နေရာကိုပြေးတာလဲ .. သူများတွေအပေါ်ကို (ထိုင်းနယ်နိမိတ်) ပြေးနေကြတာလေ´။ `နင်က အိမ်ကလူတွေကို မ ခေါ်တော့ဘူးလား .. လာမြန်မြန်ပြေးစကားမများနဲ့´ ဆိုလို့ ထမီစတဆွဲဆွဲနဲ့ လွယ်အိတ်နဲ့ စာအုပ်တွေ လည်း လွင့်ပျံ့ လို့ ဘာမှမလုပ်နိုင်တော့ပဲ စိတ်အိုက်သွားတော့တာပဲ။


          တချိန်တည်းမှာ အဖေ၊အမေနဲ့မောင်နှမသုံးလေးယောက်က အဲဒီဗုံးသံတွေဆူညံနေတဲ့ အရပ်မှာရှိနေ ကြတယ်။ သူတို့က အောက်စခန်း (ဗလိုင်ဒုံဖိုက်ရွာ)မှာ ၀ါးခွဲနေကြတယ်။ အပေါ် စခန်း (ခလောက်ခနီရွာ)နဲ့ ၈ - ၉ ကီလိုမီတာလောက်ဝေးတယ်။ ကား၊ ဆိုင်ကယ်မရှိတဲ့အရပ် မို့ လမ်းလျှောက်ကြတာ ပုံသေခရီးတစ်ခု ဖြစ်နေတယ်။ ပြီးတော့ ဒိထက်ပိုဝေးတဲ့ ဟိုးအောက် ဆုံးစခန်းကတော့ (ထီးဖာဒိုးရွာ) ကျတော့ ၁၄ - ၁၅ ကီလို မီတာလောက်တောင်ဝေးသေးတာမို့ အဲဒီကရွာသူရွာသားတွေဆိုရင် ဘယ်လိုလုပ်ပြီး ထိုင်းနယ်နိမိတ်ဆီကို အမြန်ရောက်အောင် ပြေးကြမလဲဆိုတဲ့အတွေးကြောင့် ခြေမသယ်နိုင်၊ လက်မသယ်နိုင်ပြီး မေ့လဲမတတ် ဆို့နစ်မိခဲ့ တယ်။


          အိမ်ရောက်တာနဲ့ရောက်ချင်း ဘာလုပ်ရမှန်းမသိလို့ အ၀တ်စုတ်တွေကို ကျောပိုးအိတ် တစ်လုံးထဲကို သိပ်ထည့်ပြီး ညီမငယ်တစ်ယောက်ကိုပေးပိုး၊ မောင်လေးအငယ်ဆုံးကိုကျမက ကျောပိုး၊ ကျန်တဲ့အစုတ် ပလုတ်တွေကိုတော့ နီးစပ်ရာကောက်ယူပြီး ရတဲ့အိတ်ထဲသိပ်ထည့်ပြီး တစ်ယောက်ကိုတစ်နိုင်တစ်ပိုင်စီ လွယ်ပိုးပြီး အိမ်ကနေသူများပြေးနေကြတဲ့ ထိုင်းနယ်နိမိတ် ထဲကို ပြေးဝင်သွားကြတယ်။ ပြေးနေတဲ့လမ်း တလျှောက်မှာ တွေ့သမျှလူအို၊ လူနာ၊ ကလေး မကျန် တငိုငို၊ တရယ်ရယ်နဲ့ စိတ်ပျက်စရာများနဲ့ မောပန်းစွာ ပြေးခဲ့ကြရတယ်။


          ကျမတို့အိမ်နီးချင်းဖြစ်တဲ့ ဆွေမျိုးဆိုလည်းမမှားဘူး၊ သူ့သားကရောဂါကြီးဖြစ်ပြီး မလှုပ် နိုင်၊ မရှားနိုင်နဲ့ အမေဖြစ်သူကလည်း ၀တာလုံးနေရောပဲ။ အဲဒါကိုလည်း ၀ိုင်းကူဖေးမပေးရင်း၊ အိမ်ဘေးက ကလေးသေး သေးနဲ့ပြေးနေတဲ့အစ်မကြီးကလည်း အထုပ်အပိုးတွေတပုံကြီးနဲ့ အဲ ဒါကိုလည်း ၀ိုင်းသယ်ပေးရင်း။ သက်ကြီး ရွယ်အိုတွေကိုလည်း တောင်ထိပ်ရောက်အောင် တစ် ယောက်ပြီးတစ်ယောက် ဖြည်းဖြည်းချင်းဆွဲတင်ရ သေးနဲ့ တချိန်တည်းမှာပဲ ဗုံးသံ၊ သေနတ်သံ တွေကလည်း အတော်လေးကျယ်လောင်လာသလိုပဲ ခံစားရ တယ်။ မိဘနဲ့မောင်နှမတွေကို လည်း စိတ်ပူလိုက်ရတာ အရူးတပိုင်းပဲ။


          စခန်းအပေါ်ပိုင်းပြေးတက်ကြပြီး တောင်နှစ်လုံးကျော်ပြီးတာနဲ့ ထိုင်းနယ်နိမိတ်ကိုဝင် ရောက်လာ ကြတယ်။ ထိုင်းစစ်တပ်ရဲ့တည်ရှိရာ ဟိုတုန်းက ကျေးရွာသာသာလေးဖြစ်တဲ့နေရာ ကိုရောက်တော့ ဘုန်းကြီး ကျောင်းကိုတွေ့ပြီ။ တစ်စခန်းလုံးကပြေးလာကြတဲ့ လူအားလုံးဟာ အဲဒီဘုန်းကြီးကျောင်းအောက်မှာ အပြည့် ပဲ၊ ဘုန်းကြီးကျောင်းပတ်ဝန်းကျင်တခုလုံးမှာလည်း ပြည့်နေတာပဲ။ ထိုင်းစစ်တပ်ကလည်း အကာအကွယ်ပေး ပါတယ်။


          ဘုန်းကြီးကျောင်းဝင်းထဲမှာရှိနေကြတဲ့လူတွေအားလုံးဟာ တိုးတိတ်စွာငိုကြွေးနေကြပြီး မိမိတို့မိသား စုထဲက တစ်ယောက်ယောက်ကိုစိုးရိမ်နေကြခြင်းဖြစ်ပါတယ်။ ထို့အတူကျမတို့ ညီ အစ်မတွေကလည်း စော စောပိုင်းကဘာတွေဖြစ်ခဲ့ပြီး အခုဘာတွေဖြစ်နေတယ်ဆိုတာ နားမ လည်သလိုပဲ။ အရင်တုန်းကလိုမျိုး နအဖ စစ်တပ်က စခန်းကိုမီးရှို့ ဖျက်ဆီးပြီး လူတွေကိုပါပစ် သတ်သွားမှာလည်း သိပ်စိုးရိမ်မိတယ်။


          ညနေ ၅ နာရီလောက်ကျတော့ အဖေအမေနဲ့မောင်နှမတွေပေါ်လာကြတယ်။ အမေက မီးဖိုချောင် ပစ္စည်းတွေပိုးပြီး၊ မောင်နှမတွေက အိပ်ယာတွေ၊ ရေပုံးတွေသယ်လာကြပြီး၊ အဖေ ကတော့ ဆန်တစ်အိတ် ထမ်းပြီးလာတယ်။ ကျမတို့က တဖြည်းဖြည်းလာနေကြတဲ့ လူတွေ ကိုဆီးကြိုနေတာဆိုတော့ ကိုယ့်မိဘတွေ လာတာတွေ့တာနဲ့ သွားဆီးလို့ကြိုပြီး မျက်ရည်ဝဲလို့။ အဖေက ကျမတို့ကိုတွေ့ တာနဲ့ စိတ်ပူဇောနဲ့ဆူတော့ တာပဲ။ `ဘာဖြစ်လို့ ဒီလောက်ထိ ပြေး ကြရသလဲ။ သူများပြေးသလို လိုက်ပြေးလို့ရသလား၊ အားလုံးသေကုန် မယ်၊ အခုကြည့်စမ်း ပြေးတော့လည်း အရေးကြီးတဲ့ အဓိကပစ္စည်းတွေမယူပဲနဲ့ ဒုက္ခရောက်တယ်ဆိုနေမှ ထမင်း ငတ်ချင်လို့လား´ စသဖြင့်အမော ပန်းတကြီးနဲ့ မနားတမ်းဆူလိုက်တာ။ `သမီးတို့လည်း ကြောက် ကြောက်လန့်လန့်နဲ့ ဘာလုပ်ရမှန်းမသိဖြစ်သွားလို့ပါ´ လို့ရှင်းပြတဲ့အခါ အဖေက `ငါ တို့ဆို ဗုံးလာပေါက်တဲ့ နေရာမှာတောင်´ စကားမပြီးလိုက်ဘူး။


          ကျမတို့မိဘမောင်နှမတွေရောက်ပြီး ခဏအနားယူနေချိန်မှာပဲ ညနေ ၆ နာရီလောက် ကျတော့ `အား လုံးစခန်းကိုပြန်လို့ရပြီ  .. အားလုံးအေးဆေးသွားပြီ .. စိတ်ချရပြီဆိုတာသေ ချာပြီ .. လာပါ .. သွားကြမယ်´ ဆိုပြီး စခန်းဥက္ကဌနဲ့ မွန်စစ်သားများကလိုက်ကြေငြာတဲ့အခါ ရွာသားအားလုံးကလည်း မိမိတို့သယ်ယူလာတဲ့ ပစ္စည်းပစ္စယျများကိုပြန်လည်သယ်ပိုးပြီး စခန်း ကိုပြန်လာခဲ့ကြတယ်။ အိမ်ပြန်ရောက်တော့ အချိန်ကနောက် ကျနေပြီမိုး အမြန်ချက်ပြုတ်စား သောက်ပြီး တစ်ရွာလုံးတိတ်ဆိတ်ငြိမ်သက်ခြင်းနဲ့ အိပ်စက်ခဲ့ရတယ်။


          အဲဒီအချိန်စပြီး စခန်းကလူတွေဘာကြောင့် အမြဲထိတ်လန့်နေကြရသလဲဆိုတာ ကျမ နားလည်လာခဲ့ တယ်။ ၁၉၉၅ ခုနှစ်နောက်ပိုင်းမှာ အခြေအနေနည်းနည်းအေးသွားခဲ့ပါတယ်။ ပြေးရလွှားရတဲ့အလုပ်သိပ် မလုပ်ရတော့ဘူး။ အခြေနေကြည့်ပြီး သတင်းလေသံနားစွင့်နေရုံပဲ၊ တခါတလေပွဲလန့်တာမျိုးတော့ရှိခဲ့ပါ တယ်၊ ရွာထဲကိုသူစိမ်းတွေအုပ်စုလိုက်ရောက်လာတတ် တာတို့၊ ညဘက်တွေမှာ ဓါတ်မီးနဲ့လူတွေရောက်လာ တာတို့ဖြစ်ပါတယ်။ အဲဒါကလည်း အခြား တော့မဟုတ်ဘူး ….. ကိုယ့်ရွာကလူတွေ၊ ပြီတော့မြန်မာပြည် ဘက်ခြမ်းက အခြေနေအမျိုးမျိုး ကြောင့် ရှောင်တိမ်းထွက်ပြေးလာသူတွေဖြစ်ပါတယ်။


          အဖြစ်ပျက်က ဆယ်နှစ်ကျော်တောင်ကြာခဲ့ပြီဆိုပေမယ့် ကျမစိတ်ထဲမှာမနေ့တနေ့က လိုပဲ။



3 comments:

  1. သငယ်ချင်းလေးရေ
    ဖတ်ရတာ ခံစားမှု့ တွေ အများကြီး ရလိုက်တယ်။
    ငါလဲ ထပ်တူ ထပ်မျှ ခံစားရပါတယ်...။

    ReplyDelete
  2. ကျေးဇူးတင်ပါတယ် သူငယ်ချင်း ..... ။ ခံစားချက်ဆိုတာ တကယ်ကြုံတွေ့မှသာ တကယ်ဖြစ်ပေါ်လာခဲ့တာပါ။

    ReplyDelete
  3. ကိုယ်ချင်းစာမိပါတယ် မအိရေ...

    ReplyDelete

မိတ်ဆွေများအားလုံးပါဝင်ဆွေးနွေးကြတာ ကျေးဇူးတင်ပါတယ်