Thursday, October 7, 2010

သွားနှင့်လေသူ (၂)

အတိတ်ရဲ့နေ့ရက်တွေဟာ ကျမတို့အားလုံးကို တဖြည်းဖြည်းနဲ့ ထားခဲ့လေပြီ။ ထို့အတူ အတိတ်ရဲ့အပေါင်းအသင်း မိတ်ဆွေတချို့ကလည်း ကျမတို့အားလုံးကို တဖြည်းဖြည်းနဲ့ ထားရစ်ခဲ့လေပြီ။ ဒီလောကကြီးထဲကို အတူလာကြ တဲ့လူတွေမဟုတ်ကြတဲ့အတွက် အခုတခါ ဒီလောကကြီးထဲကပြန်ထွက်သွားကြတဲ့အချိန်မှာလည်း သူ့အချိန်နဲ့သူ၊ သူ့အကြောင်းနဲ့သူ၊ သူ့ဘ၀နဲ့သူ အသီးသီးထွက်သွားကြတာပဲ။ 

ဒီနေ့နေ့လည်ကပဲ အမတစ်ယောက်ဖုန်းဆက်လာတယ်။ "တို့ရဲ့အလုပ်ဖော်ကိုင်ဖက်တစ်ယောက် ညတုန်းကပဲ ဆေးရုံကြီးမှာ ဆုံးသွားပြီ" တဲ့။ ဆုံးသွားတဲ့သူမှာ ထိုင်းလူမျိုး အမျိုးသမီးတစ်ဦးဖြစ်ပြီး ကျမတို့နဲ့ လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်အနှောင်းပိုင်းလေးကတည်းက အလုပ်တွဲလုပ်လာခဲ့သူဖြစ်တယ်။ ၂၀၀၉ ခုနှစ်ရောက်တော့ တစ်ဖွဲ့တည်း၊ တစ်ရုံးတည်းတောင် အလုပ်တွဲလုပ်ဖြစ်ခဲ့တယ်။ အလွန်သဘောကောင်းပြီး အေးဆေးတည်ငြိမ်တဲ့မိန်းကလေး တစ်ယောက်ဖြစ်ပြီး အလုပ်များကိုလည်း မငြီးမငြူတမ်းလုပ်ကိုင်တတ်သူ ဖြစ်တယ်။ 

သူမရဲ့ခင်ပွန်းသည်ဟာ လွန်ခဲ့တဲ့ ၉ နှစ်ကျော်လောက်က အိပ်ခ်ျအိုင်ဗွီ အေ့က်စ်နဲ့ဆုံးသွားခဲ့ပြီး ၂ လကျော် သားလေးတစ်ယောက်နဲ့ကျန်ရစ်ခဲ့လေတယ်။ အခုတော့ သူမသားလေးဟာ ၉ နှစ်ကျော်နေပြီ။ အရင်ခင်ပွန်း သည်ဆုံးပြီး ၇ နှစ်လောက်ကြာပြီးမှ နောက်အိမ်ထောင်ပြုခဲ့တယ်။ သူမမှာ အိပ်ခ်ျအိုင်ဗွီ အေ့က်စ် ရှိနေတယ် ဆိုတာလည်း ၂၀၀၉ ခုနှစ်အနှောင်းပိုင်းမှာမှ သိခွင့်ရခဲ့တယ်။ ဒါပေမယ့် သူမရဲ့ သားနဲ့ ဒုတိယခင်ပွန်းသည်မှာ အဲဒီရောဂါမရှိကြောင်း ဆရာဝန်က စစ်ဆေးချက်အရ သိထားပြီးသားဖြစ်ပါတယ်။

အခုတဖန်သူမဆုံးသွားပြီဆိုတဲ့သတင်းလည်းကြားရော သူမရဲ့သားလေးနဲ့ကျန်ရစ်သူ မိဘမောင်နှမဆွေမျိုး အသိုင်းအ၀ိုင်းများနဲ့ထပ်တူ ကျမတို့အားလုံး ၀မ်းနည်းကြေကွဲမိပါတယ်။ သူမကောင်းရာသုဂတိလားပါစေ ... ။

No comments:

Post a Comment

မိတ်ဆွေများအားလုံးပါဝင်ဆွေးနွေးကြတာ ကျေးဇူးတင်ပါတယ်