Monday, October 11, 2010

ကိုယ်တို့ရဲ့အသက်သွေးချွေး

 ၈ ရက်နေ့ အောက်တိုဘာလ ၂၀၁၀ ခုနှစ်မှာ ကျမတို့ ထိုင်းနိုင်ငံတောင်ပိုင်းက မြန်မာရွှေ့ပြောင်းအလုပ် သမားတွေ ယာယီနိုင်ငံသားလက်မှတ် (Temporary Passport for Migrants) လုပ်ဖို့အတွက် ထိုင်း-မြန်မာနယ် စပ်မြို့တစ်ခုဖြစ်တဲ့ ရနောင်းမြို့ကိုသွားရောက်ခဲ့ကြပါတယ်။ ဟိုရောက်တော့ အချိန်မှာ ည ၈း ၃၀ လောက်ဖြစ် နေပြီ။ ရောက်ရောက်ချင်းပဲ ကျမတို့ကို ယာယီနိုင်ငံကူးလက်မှတ်လုပ်ဆောင်ပေးမယ့် ကုမ္ပဏီရှိရာကို သွားခဲ့ ကြတယ်။ အဲဒီမှာ နောက်ထပ်ကျမတို့ကိုယ်ရေးရာဇ၀င်အချက်အလက်အပြည့်အစုံ၊ အသေးအစိတ်ထပ်ဖြည့် ကြရပါတယ်။
 












ကျမတို့အုပ်စုမှာ လူဦးရေ စုစုပေါင်း ၅၆ ဦးပါပါတယ်။ မြန်မာ၊ မွန်၊ ထားဝယ်၊ ဂေါ်ရခါး တို့ဖြစ်ပါတယ်။ ကျမတို့ အားလုံးဟာ ကိုယ်စီစိုးရိမ်မှုများနဲ့သွားရောက်ခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျမတို့ထဲက တချို့မှာ မြန်မာနိုင်ငံသားမှတ်ပုံတင်မရှိကြလို့ဖြစ်ပါတယ်။ မိဘတွေမှာလည်း မရှိကြဘူး။ ယာယီနိုင်ငံသားလက်မှတ်ပြု လုပ်တဲ့အခါမှာ မိဘတွေရဲ့မှတ်ပုံတင်အမှတ်၊ ကိုယ့်မှတ်ပုံတင်အမှတ်တွေလိုအပ်တယ်လို့ သိခဲ့ရပါတယ်။ ဒါပေမယ့် တချို့က ကိုယ့်မှာရော၊ မိဘတွေမှာပဲ မှတ်ပုံတင်မရှိတဲ့အတွက်ကြောင့် မရှိ လို့ပဲ ဖောင်မှာရေးဖြည့် ခဲ့ကြတယ်။

ကျမတို့မြန်မာရွှေ့ပြောင်းအလုပ်သမားအများစုရဲ့စိုးရိမ်မှုဟာ မြန်မာပြည်ဘက်က အစိုးရ၀န်ထမ်း၊ အကြီးအကဲ တွေနဲ့တွေ့ဆုံအမေးမြန်းခံရမှာကိုဖြစ်ပါတယ်။ အဲဒီအခါကျရင် ဘာတွေမေးမလဲ။ မေးလို့မဖြေနိုင်ရင်ဘာတွေ ဖြစ်လာမလဲ၊ ယာယီနိုင်ငံကူးလက်မှတ်မရှိခဲ့ရင် ရှေ့ပြီး နှစ်ဖက်နိုင်ငံကြားမှာ တရားမ၀င်သူတွေအနေနဲ့ ဆက် လက်ရပ်တည်ရအုံးမှာလား စသဖြင့်ပေါ့။
















 
၉ ရက်နေ့၊ အောက်တိုဘာလ၊ ၂၀၁၀ ခုနှစ် မနက် ၆း ၀၀ နာရီမှာတော့ ရနောင်းမြို့ရဲ့မြန်မာပြည်နဲ့အနီးဆုံး ဖြစ်တဲ့ အစွန်ဆုံးနေရာကိုသွားကြပါတယ်။ အဲဒီမှာ မြန်မာပြည်ဘက်ခြမ်းက လာဖွင့်ထားတဲ့ယာယီနိုင်ငံသား စီစစ်ရေးရုံးကြီးရှိတယ်။ အဲဒီရုံးကြီးရဲ့အ၀င်ဝမှာ ဂိတ်ရှိပါတယ်။ ဂိတ်မှာ မြန်မာစစ်ယူနီဖောင်းနဲ့ စစ်သား ၃-၄ ယောက်ကိုပါတွေ့ခဲ့ပါတယ်။ စစ်သားတွေ့တာနဲ့ စိတ်ထဲမှာ တမျိုးဖြစ်သွားခဲ့တယ်။ 

ကျမတို့ရောက်တဲ့အချိန်မှာပဲ ရုံးကြီးဝင်းထဲမှာ ထိုင်းနိုင်ငံနယ်အသီးသီးကရောက်ရှိလာကြတဲ့ မြန်မာရွှေ့ ပြောင်းအလုပ်သမားတွေ ၅-၆ ရာလောက်ရှိနေပါပြီ။ ပြီးနောက်တော့ တဖြည်းဖြည်း ၃-၄-၅ ရာစီ ကားကြီး တွေနဲ့ တစ်စီးပြီးတစ်စီးရောက်ရှိလာခဲ့ကြပါတယ်။ နေ့စဉ်နဲ့အမျှ ၂-၃ ထောင်ကျော်တဲ့လူဦးရေကို ၃ လကျော် ကျော် ဆက်တိုက် ယာယီနိုင်ငံသားလက်မှတ်လာရောက်လုပ်ကိုင်နေကြတယ်ဆိုတာလည်း သိခွင့်ရခဲ့တယ်။

အစရောက်တာနဲ့ ဓါတ်ပုံရိုက်၊ လက်ဗွေ (လက်ဆယ်ချောင်းလုံး) နှိပ်၊ နှစ်နိုင်ငံကိုယ်ရေးရာဇ၀င်၊ အချက်လက် များ (၃ စုံ) ပြင်ဆင်၊ တန်းစီရတာကတော့ နေရာတိုင်းပါပဲ၊ ပြီးတော့ နိုင်ငံသားစီစစ်ရေးရုံးခန်းထဲကို ၀င်သွားရ ပါတယ်။ အဲဒီမှာ စာရွက်စာတမ်းတွေတင်၊ ဓါတ်ပုံတင်၊ ကွန်ပျူတာမှာ လက်ဗွေနှိပ်၊ လက်မှတ်ထိုး၊ ထိုင်စောင့်၊ passport စာအုပ်ရလို့နာမည်ခေါ်ရင် လက်မှတ်ထိုးပြီး၊ နောက်ဆုံးအကြိမ်အစစ်ဆေးခံပြီးတဲ့နောက် စာအုပ်ယူ၊ အရာရှိတစ်ယောက် (မြန်မာလ၀က) လက်မှတ်နဲ့တံဆိပ်တုံးရပြီးတာနဲ့ စာအုပ်ထည့်တဲ့အိတ်လုံးရယ်၊ စာအုပ်ကော်ပီရယ် ကိုင်ဆောင်ပြီး ဘတ်ငွေ ၁၀၀ ပေးပြီး အခန်းထဲကထွက်လာရုံပဲ။ နောက်ဆုံးအဆင့် က တော့ ကုမ္ပဏီက မိမိတို့စာအုပ်ကို ရနောင်းလ၀ကရုံးမှာ ပြည်ဝင်ဗီဇာသွားထုပေးတယ်။ အဲဒီနောက် အား လုံးအိမ်ပြန်လာကြပါ တယ်။

တကယ့်တကယ် ကိုယ်တိုင်သွားရောက်လုပ်ခွင့်ရတော့ အခြေအနေအားလုံးကို လေ့လာခွင့်ရခဲ့တယ်။ ပထမ တော့ ကြောက်လွန်းလို့ ခြေဖျားလက်ဖျားတွေ တစ်ပိုင်းစီအေးစက်ကုန်ပြီး စိတ်လည်းအတော်လေးလှုပ်ရှားခဲ့ ပါတယ်။ အခြေအနေတခုထဲကို တဖြည်းဖြည်းတိုးဝင်သွားရတဲ့အခါမှာတော့ တဖြည်းဖြည်းပဲ သတိထားမိတာ ကတော့ အခြေအနေဟာ အေးဆေးစွာပဲ တဆင့်ပြီးတဆင့် လည်ပတ်နေတာဖြစ်ပါတယ်။ အစိုးရ၀န်ထမ်း တွေ၊ အရာရှိတွေကလည်း အပြောအဆိုပုံမှန်ပါပဲ။ အမေးမြန်းကတော့ လုပ်သင့်သလောက်တော့ လုပ်ခဲ့ကြ ပါတယ်။ လူများတော့ သိပ်ပြီးအသေးအစိတ်မမေးနိုင်ကြဘူး။ လိုအပ်တာတွေပဲမေးပြီး ပြီးသွားတာပဲ။ 

အဓိက ကိုယ့်ဘက်က ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားဖို့ရယ်၊ ၀န်ထမ်းများရဲ့လမ်းညွှန်ချက်အတိုင်း အတိကျ လိုက်နာရင်၊ လုပ်ဆောင်ရင် အားလုံးအမြန်ဆုံးပြီးမြောက်အောင်မြင်သွားမှာဖြစ်ပါတယ်။ တရက်တည်းမှာ လူ ဦးရေ ၂-၃ ထောင်တို့ကိုတပြိုင်တည်းပြီးအောင်၊ ယာယီနိုင်ငံကူးလက်မှတ်ပါတခါတည်းရရှိအောင်လုပ်ပေးရ တဲ့အလုပ်ကလည်း မလွယ်လှဘူး။ သည်းခံနိုင်စွမ်း၊ စိတ်ရှည်နိုင်စွမ်း၊ ပြုံးနေနိုင်စွမ်းကုန်ခမ်းစေတာ မဆန်းပါ ဘူး။
ဒီယာယီနိုင်ငံသားလက်မှတ်ကိုရရှိပြီးသွားရင်လည်း ကျမတို့ရွှေ့ပြောင်းအလုပ်သမားများအတွက် ပိုမိုကောင်း မွန်တဲ့တ၀တစ်ခုကို ရရှိလာမှာပါ။ တချို့သောအကြောင်းအရာတို့မှာ သူများပြောစကားပဲ နားစွင့်တာမျိုးမလုပ် ပဲ ကိုယ်ကိုယ်တိုင်လက်တွေ့လုပ်ကြည့်မှ၊ ရင်ဆိုင်ကြည့်မှ အမှန်တရားတို့ကိုသိရှိခွင့်ရတာဖြစ်ပါတယ်။

နောက်ဆုံးတော့ ဘာပဲဖြစ်ဖြစ် မိမိတို့ဘ၀အတွက် တစ်ခဏတာအရေးတကြီးလိုအပ်ချက်တစ်ခုအတွက် တချို့သောပေးဆပ်မှုတို့ကို မသိသလိုနဲ့ ပေးဆပ်လိုက်ရတာပါပဲ။

3 comments:

  1. ကျနော်တို့တော့ .. မရောက်သေးပါဘူး .. ဒါပေမဲ့
    သိပ်မကြာခင် .. သွားလုပ်ရမှာပါ ..
    အခုလို အတွေ့အကြုံလေးတွေကို မျှဝေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်.
    ကျနော်တို့အတွက် ပြင်ဆင်လို့ရတာပေါ့ ...။

    ReplyDelete
  2. နောက်လဲ .. ဒီလိုသတင်းလေးတွေဝေမျှပေးပါအုံး

    ReplyDelete
  3. ကျန်နေသေးတဲ့ passport ရရှိပြီးနောက် ဆက်လက်ခံစားရမယ့်အကျိုးရ လဒ်များဖြစ်တဲ့၊ အကောင်းကျိုး၊ အဆိုးကျိုးတို့ကိုလည်း ရေးသားဖော်ပြပါအုံး မယ်။

    ReplyDelete

မိတ်ဆွေများအားလုံးပါဝင်ဆွေးနွေးကြတာ ကျေးဇူးတင်ပါတယ်