စောမေမိဘသည် ပိုက်ဆံချမ်းသာရကား အရာရှိတစ်ယောက်ကို လက်ဖျစ်တစ်တွက်အတွင်း ၀ယ်ယူနိုင်သော တန်ခိုးရှိသဖြင့် ချစ်ထူးခမျာမှာ နှမ်းတစ်လုံးခန့်မျှ စိတ်မချနိုင်။ “စောမေ မင့် ငါဘယ်လိုချစ်တယ်ပြောပေမယ့် တစ်နေ့ ငါ့ထက်သာတဲ့ အထက်တန်းအရာရှိတွေတွေ့ရင် ဂုဏ်မက်တတ်တဲ့အမျိုးမို့ ငါကျန်ရစ်ဖြစ်မှာပါဟယ်” ဟု မတွေးဝံ့တွေးဝံ့ အရဲစွန့်၍ ၀င်လာသော စိတ်ကလေးများသည် ချစ်ထူး၏ နှလုံးအိမ်ကလေးအား အစွမ်းကုန် လှုပ် ရှားစေ၏။
တစ်နေ့သော် စောမေထံမှ “ကိုချစ်ထူး အမြန်လာပါ အရေးကြီးတယ်” ဟူသော ရွှေပေလွှာကျသဖြင့် ကဆုန်ချ၍ စောမေထံမှောက်သို့ အခစားရောက်လာလေ၏။ စောမေခမျာမှာ ထမင်းသုံးရက်လောက် မစားရသော မျက်နှာ ကလေးဖြင့် သူ့အမေက တမြန်မနေ့က မြန်မာပြည်ပြန်ရောက်လာတဲ့ ဟိုလူတစ်ယောက်နဲ့ နောက်လေးရက် အတွင်း လက်ထပ်မည့်အကြောင်းကို ပြောပြရှာ၏။ ချစ်ထူးဒုက္ခတွေ့လေပြီ။ မိမိမထင်ဝံ့ထင်ဝံ့ဖြင့် ထင်ခဲ့သော အတွေးကား ရေးရေးမျှမဟုတ်။ အကောင်အထည်အဖြစ်ဖြင့် မိမိရှေ့တွင် မားမားမတ်မတ်ရပ်လျက်ရှိလေပြီ။ ဖား ဖိုကြီးကို ဆွဲရာကလွှတ်လိုက်သကဲ့သို့ မြည်သော သက်ပြင်းပေါင်းများစွာ ချမိ၏။
ချစ်ထူး၏ခေါင်းသည် မစင်အတိရှိဘိ၏။ ရုပ်ချောတဲ့စောမေ၊ သနားတတ်တဲ့စောမေ၊ သဘောကောင်းတဲ့စောမေ၊ ငါအဟုတ်ချစ်တဲ့စောမေကိုဖြင့် သည်တစ်ခါဆုံးပါပေါ့လားဟူ၍ မိမိလက်က လွတ်ခါနီးလေလေ ခြစ်ခြစ်ခြုတ် ခြုတ် သူ့ဂုဏ်ပုဒ်တွေကား ထွက်လေလေဖြစ်နေတော့၏။ တောဘုရားပွဲတိုင်းတွင် ဓါတ်မီးခွဲ၍ လူရိုက်မှုဖြစ်သလို ရုန်းရင်းဆန်ခတ်ဖြစ်နေသော ရင်တွင်း၌ အဖော်များသော အင်းယားကန်ကြီးနှင့် အဆိတ်ပုလင်းတို့သည် ကယ် တင်ရှင်၏အလင်းရောင်လို ကွန့်မြူး၍ ပေါ်ချီမြုပ်ချီဖြစ်နေတော့၏။ ချစ်ထူးကား မျက်နှာထားကို ခပ်တင်းတင်း ပြင်လျက် -
“အစော တကယ်ချစ်ရဲ့လား”
“အို အဆန်းလုပ်လို့”
“ဒါဖြင့် မောင်ပြောသလို နားထောင်မလား”
“ဘာလဲပြောလေ”
“(ခပ်ဆိုင်းဆိုင်းထားလျက်) နှစ်ဆယ့်ငါးကျပ်”
“နားမလည်ဘူး အဲဒါဘာလဲ”
“နိုင်ထရစ်အက်စ်ပြောတာ၊ အဆိပ်လေ”
စောမေကား မိန်းမတွေသစ္စာမရှိဘူး။ သတ္တိနည်းတယ်ပြောလှတာ ဒီတစ်ခါတော့ ငါကမဟုတ်ကြောင်း ပြလိုက် မယ်ဟု အောက်မေ့လျက် -
“လုပ်ရင် မြန်မြန်စီစဉ်၊ ရက်မရှိတော့ဘူး၊ အခွင့်ကလည်းသာချင်မှသာမှာ” ဟု ပြော၏။
“မနက်ဖြန် ၃ နာရီ၊ ကိုးန၀င်းဘုရားဘက်ထွက်ခဲ့၊ ကိုင်းသွားမယ်”
ချစ်ထူးကား တစ်လမ်းလုံးတွင် ကျပ်ပြားဝိုင်းလောက်ရှိသည့်စာလုံးတို့ဖြင့် ကျောင်းတော်သားတစ်ဦး စွန့်စားပုံ။ လူ ပျိုဘရင်အားကျသူ။ အချစ်မီးကြောင့် လောကကိုစွန့်ရှာသော မောင်မယ်နှစ်ဦး။ အစရှိသဖြင့် သတင်းစာများတွင် ပါလာမည်ကို မြင်ယောင်ယောင်။ ဓါတ်ပုံထည့်ရင် တစ်နေ့ကရိုက်တာလေးထည့်ပါစေဟု သတိရနှင့် အတော် အလုပ်ရှုပ်ပါ၏။ ရှေ့ဆင့်နောက်ဆက် အသုဘရထားနှင့်ချရင် ကောင်းမှာပဲဟုလည်း အောက်မေ့မိ၏။ သို့သော် စောမေမိဘက သဘောတူမည်မထင်။
ထိုနေ့တွင်ဈေးသို့ပြေး၍ အဆိပ်ပုလင်းငယ်တစ်ခု၊ မိမိတို့နှစ်ယောက်အတွက် လုံချည်ဆင်တူတစ်အုပ်နှင့် လုံချည် နှင့်တစ်ဆင်တည်း ပိုးလက်ကိုင်ပ၀ါနှစ်ထည်ဝယ်၍ ၀ှက်ထားရသေး၏။ ညအချိန်မှာလည်း ဘုရားတွင်ဆုတောင်း ခန်းကို စဉ်းစားရသည်မှာ ဦးရေကျိန်းအောင်ကုတ်ရသည်အထိ ဖြစ်နေ၏။ နောက်ဆုံးတွင် ဆုတောင်းကို စာစီစာ ကုံးရေးသလို သုံးကြိမ်ပြန်ရေးမှ မိမိအကြိုက်ရတော့၏။
နောက်တစ်နေ့ညနေအချိန် သုံးနာရီတွင် စောမေနှင့်ချစ်ထူးတို့ ကိုးန၀င်းဘုရားတွင် ဆုံကြ၏။ ချစ်ထူးချုပ်၍လာ သော စောမေဖို့ လုံချည်ကားအထက်ဆင်မပါ။ မေ့လာသဖြင့် စောမေကခပ်တိုတိုဝတ်လျက်၊ လက်ကိုင်ပ၀ါ တစ် သွေးတည်းကို လည်တွင်စီးလျက် ဘုရားရှိခိုးကြ၏။ ၎င်းနောက် ချစ်ထူးရေး၍လာသော ဆုတောင်းစာရွက်ကို ရှေ့မှာချလျက် နှစ်ယောက်ဖတ်ကြသည်မှာ “ဘုရား ကျွန်တော်နှင့် ကျွန်မတို့သည် ယခုဘ၀တွင် ရှေးရေစက် နည်းပါးခဲ့၍ ရခါနီးမှကွဲသော်လည်း နောင်ဖြစ် လေရာ ဘ၀တိုင်းဘ၀တိုင်း၌ ငါးထန်းရွက်ကလေးနှစ်ကောင် ကဲ့ သို့လည်းကောင်း၊ အရိပ်သည် ကိုယ်သွားရာအ စဉ်ပါ သကဲ့သို့လည်းကောင်း၊ ထားရှိပြီးကမ္ဘာ့စံချိန်များဖြစ်သော ကိန္နရီမောင်နှံတို့၏ အချစ်စံချိန်ကို ချိုးနိုင်သည် သာမက မကွာမကွဲအတူမြဲချည်းနှင်နှင် ကမ္ဘာကူး၍ ဖြစ်ရပါလို ၏” ဟု ဖတ်ကြ၍ ပုလင်းထဲရှိအဆိပ်ရေတို့ကို သေမင်းပင်ဖြစ်လင့်ကား ဒရေလယ် ခြင်္သေ့တွင်းသို့ဆင်းသော သတ္တိမျိုးဖြင့် တအားမော့လိုက်ကြတော့၏။ ကြွင်းကျန်ရစ်သော ရုပ်အလောင်းများကား ကြင်နာသနားကြသော အဆွေအမျိုးတို့ကြောင့် အာဝါသ၀ိဝါဟမမြောက်တမြောက် စီမံသည်ကို ခံလိုက်ကြရသေး၏။
မြို့၏အ၀င်ဝရှိ ထနောင်းပင်ကြီးကား နွေကုန်လုနီးပြီဖြစ်၍ အရွက်များကြွေစပြုလျက် အရိုးတွေခပ်ကျဲကျဲပေါ်နေ လေပြီဖြစ်သော်လည်း အပင်များရှိ ကျီးသိုက်ကအရိုးကျဲကျဲကို မနိုင့်တနိုင်ဖုံးဖိ၍ ပေးနေသေးသောကြောင့် ခံနိုင် သေး၏။ အခွဆုံရှိ သစ်ခေါင်းမှာလည်း ထနောင်းပင်ဖရာထောင်းရုပ်ကို ဆောင်ပေသည်။ သို့သော် ရွှေကိုယ် တော် ဇီးကွက်တို့အဖို့မှာကား ဘုရင်ခံအိမ်တော်နှင့် မလဲနိုင်။
စောမေသည် သေခါနီးတွင် အယူငယ်တိမ်း၍ နတ်စိမ်းကားမဖြစ်။ ဇီးကွက်ဖြစ်၍ ဤအခေါင်းမှာပင်ရှိသည်။ ချစ်ထူးလည်း ဇောခုနှစ်တန်တွင် ဆိုက်ချင်ရာဆိုက်ခဲ့သဖြင့် ကျီးကန်းဖိုဘ၀ဖြင့် ဥသြတစ်ကောင်ကို လည်ဖက်၍ ကျီးသိုက်တွင်းတွင် အခန့်သားရှိ၏။ ဤကဲ့သို့ တစ်ပင်တည်းတွင် အထက်အောက်ရှိကြလင်းကစား ချစ်ထူးသည် စောမေ ဇီးကွက်မကလေးရှိလေရဲ့ဟု တစ်စိုးတစ်စိမှမသိ။ စောမေ မယ်ဇီးကွက်မှာလည်း အချစ်ဦးကျီးဖိုလေး အနီးအပါးတွင်ပါကလားဟု မရိပ်မိ။ တစ်ယောက်တစ်ယောက် အတိတ်နိမိတ်ပြဖို့ ဝေးစွ အိပ်မက်ကလေးမျှပင် မမက်မိကြပေ။ သို့ကြောင့်လည်း မိုးကလေးညိုလျှင် မလွမ်းကြခြင်းဖြစ်လေားဟု တွေးဖွယ်ရှိ၏။
ယခုအခါ ၎င်းတို့နှစ်ကောင်မှာ အတောင်အလက်စုံ၍ အပျံသင်ကြလေပြီ။ သို့သော် တစ်ကောင်နှင်တစ်ကောင် မမြင်ဖူးသေးသဖြင့် စက္ခုရူပေနေ၌ သံဝါသလည်းမသိကြသေးပေ။ တစ်ညသော် လကလည်းခပ်သာသာဖြစ် သဖြင့် ကျီးဖို ချစ်ထူးကလေးသည် ဖိုးလမင်းကိုမော်ကြည့်ရင်း မနက်ကမိမိ မိခင်ကျီးမကြီးက အာခေါင်နီနီ ကလေးထဲသို့ ထည့်သွင်းပေးသော နီနီထွေးထွေးထိလိုက်ရင် အိခနဲနေသည့် တီကောင်အထွေးလေးကို စမြုံ့ပြန် ရင်း မနက်ဖြန် ဒါမျိုးစားရရင်ကောင်းမှာပဲဟု အောက်မေ့နေလေ၏။ ထိုအတွင်း အောက်နားဆီမှ “ကျိကွဲ့” ဟု မပီတပီမြည်လိုက်သော အသံကိုကြားလိုက်သဖြင့် ဆတ်ခနဲအတွေးကို ဘရိတ်အုပ်လိုက်၏။ နောက်တစ်ကြိမ် ဆက်လက်နားထောင်စဉ် “ကျိကွဲ့” ဟု ကြားရပြန်ရာ မုန်းတီးရွံရှာစိတ်တို့သည် ဖုံးမရ တိုးထွက်ကြသဖြင့် “ဒင်း ဦးနှောက်များဖောက်စားလိုက်ရရင်တော့ ပွတာပဲ” ဟု ကြံစည်မိလာလေ၏။ အသိုက်ပေါ်မှ ငုံ့ကြည့်လိုက်ရာ၊ ဖြူ ဖြူဖွေးဖွေး ချစ်စရာကိုယ်လုံးကလေးနှင့် ယခင်မိမိတို့လူဘ၀က ထင်ခဲ့သောသမင်မ မျက်လုံးကိုပင် အပျော့ အပျော့ဆိုသည့် မျက်လုံးမျိုးကိုကားမမြင်။ ဘုတ်ဘုတ်ပွပွ၊ ပြူးပြဲပြဲ ရုပ်ပုံဆိုးကြီးနှင့် သစ်ခေါင်းဝမှ ဖျပ်ဖျပ်ဟူသော အသံဖြင့် ပျံသွားသောစောမေဇီးကွက်မကို မြင်လိုက်သဖြင့် “ကျေးဇူးကန်းမျိုး ဒင်းတို့ကြောင့် တို့တစ်မျိုးလုံး ဥသြ ကျွန်ဖြစ်နေရတာ။ ဒင်းသာမပေါင်းမိရင်းလား တင့်တင့်တယ်တယ်သခင်အဖြစ်နဲ့ နေရမှာပေါ့။ အခုတော့ တစ်မျိုး လုံး သားစဉ်မြေးဆက်ထိအောင် ကျွန်ခံရဦးမယ်။ ကိုင်း အခွင့်သာတဲ့အခါ သေပေတော့ကွာ” ဟု ရေရွက်လျက် စောမေဇီးကွက်နောက်သို့ တအားထိုး၍ လိုက်လေ၏။
“အာအာ ဇီးကွက်” “အာအာ ဇီးကွက်” ဟူသောအသံတို့နှင့် ရုတ်ရုတ်ရက်ရက်အသံတို့သည် ကြောက်အားလန့် လားနှင့် အားနည်းသောအမမျိုးဖြစ်သည့် ဇီးကွက်ကလေးခမျာ သစ်ခေါင်းထဲသို့ပြန်၍ ၀င်သွားသည့်တိုင်အောင် လုံးလုံးမငြိမ်သက်သေးဘဲ လဲ့လဲ့တို့ အိမ်နားက ခေါက်ဆွဲသည်ပေါက်ဖော်ကြီးလို စိတ်ဆိုးမာန်ဆိုးနှင့် သစ်ခေါင်း ၀တွင် ၀ဲနေသောကျီးကန်းချစ်ထူးလေးကို ၀ိုးဝါးဝါး လရောင်တွင်မြင်နိုင်သေးပါ၏။
လူထုဒေါ်အမာ
မြမဉ္ဖူသတ္ထုတိုများ
တက္ကသိုလ်ကျောင်းတိုက် နှစ်လည်မဂ္ဂဇင်း၊ အတွဲ (၂၈)၊ အမှတ် (၁)၊ မတ်လ၊ ၁၉၃၇
မှ ကောက်နုတ်တင်ပြလိုက်ပါသည့့် 

ဒါလေးကိုသိပ်သဘောကျမိတယ်။ ဖတ်လို့လည်းကောင်းတယ်။
ReplyDelete